စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

မြန်မာနိုင်ငံအနေဖြင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရပြီး ထိုအထဲတွင် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များ တင်သွင်းမှုသည် နှစ်စဉ် ကန်ဒေါ်လာ (၆၅) သန်းဖိုးခန့်ရှိကြောင်း နစကဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့က နေပြည်တော် MICC-2 တွင် ကျင်းပသည့် မြန်မာရော်ဘာဖိုရမ် – ၂၀၂၃ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တင်သွင်းနေရခြင်းမှာ ပြည်တွင်း၌ ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခြင်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ထောက်ပြသည်။ထို့ကြောင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန် အလေးအနက်ထား တိုက်တွန်းကြောင်း ၄င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက် ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာထွက်နှုန်းသည် တစ်ဧကပျမ်းမျှပေါင် ၇၀၀ ခန့်သာထွက်ရှိသည့်အတွက် ပင်အိုပင်ဟောင်း များကို အစားထိုးစိုက်ပျိုးရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

လက်ရှိတွင် ဒေသအလိုက် ထောက်ခံထားသည့် မျိုးများအနက် တစ်ဧကလျှင် ပေါင် ၁၃၅၀ ခန့် ထွက်ရှိနိုင်သည့် မျိုးကောင်း မျိုးသန့်များကို နိုင်ငံတစ်ဝန်းရှိ စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်း စိုက်ပျိုးထားပြီဖြစ်ကြောင်း မြန်မာရော်ဘာဖိုရမ် (၂၀၂၃) မှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း (၉) ခုတွင် ရော်ဘာစိုက်‌ ဧကပေါင်း ၁ ဒသမ ၆၄ သန်းစိုက်ပျိုးလျက်ရှိပြီး ပြည်ပသို့ နှစ်စဉ် တန်ချိန် (၃) သိန်း ဝန်းကျင် တင်ပို့လျက်ရှိကြောင်း အဆိုပါ ဖိုရမ်မှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယဗီဇာကင်းလွတ်ခွင့်ရှိသဖြင့် ရန်ကုန်-ဂါယာ – ရန်ကုန် စင်းလုံးငှား လေယာဉ်ခရီးစဉ်ကိုဧပြီလအထိ ပြေးဆွဲမည်
Next post Miss Universe 2023 တွင် မြန်မာ့ငွေပဒေသာပင် နဲ့ National Costume ဝင်ပြိုင်မယ့် အမရာဗိုလ်