မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကာ တွက်ချက်ထားမှုအရ ငွေကျပ်(၃၆၂၉ ဒသမ ၂၀၈)ဘီလီယံရှိခဲ့ပြီး ယခုအချိန်၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီးသည် မိမိတို့မြန်မာနိုင်ငံသားများ မည်မျှအထိကြံ့ကြံခံနိုင်ရည်ရှိကြသလဲ၊ မိမိတို့၏အခြေခံအဆောက်အအုံများ မည်မျှအထိခိုင်ခံသလဲ၊ မိမိတို့၏အဖွဲ့အစည်းများ မည်မျှအား ကောင်းသလဲဆိုသည်ကို စမ်းသပ်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

” ကျွန်တော်တို့ ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို ရေတွက်ဝမ်းနည်းနေကြဖို့ထက် မီးလျှံထဲက ဇာမဏီငှက်လို ကျွန်တော်တို့ဘယ်လိုပြန်လည်ရုန်းထရှင်သန်ကြမလဲ၊ ဘယ်လိုပြန်လည်တည်ဆောက်ကြမလဲ၊ အဲဒီထက်အရေးကြီးတာက ဘယ်လိုပိုပြီး ကောင်းအောင်တည်ဆောက်ကြမလဲဆိုတာတွေကို နိုင်ငံချစ်စိတ်အခြေခံပြီး စည်းလုံးချစ်ခင်ရင်းနှီးစွာနဲ့ဆွေးနွေးတိုင်ပင်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏ လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါဖြတ်တောက်ခဲ့ခြင်း၊ အ သက်တွေဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးသင့်သူများသည် နေရပ်များယာယီရွှေ့ပြောင်းခဲ့ရခြင်း၊ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ်မှုများ အထိုက်အလျောက်ရှိခဲ့သည်ဟု ပြောသည်။

” ဒါပေမယ့် အခုကျွန်တော်တို့ဟာ အင်အားရှိလှတဲ့ အမှန်တရားတစ်ခုနှင့် နိုးထလာခဲ့ကြပါပြီ။ အဲဒီအ မှန်တရားကတော့ မြန်မာလူမျိုးတွေရဲ့ပြင်းပြတဲ့စိတ်ဓာတ်ဟာ ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဘူးဆိုတာပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြော သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန်စီးပွားရေးပြန်လည်ကုစားရာတွင် စုပေါင်းရှုမြင်မှုများနှင့်အတူဆောင်ရွက်သင့်သည့် မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ရှိပြီး ပထမမဏ္ဍိုင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး၊ ဒုတိယမဏ္ဍိုင်မှာ အခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ရေးနှင့် စီး ပွားရေးပြန်လည်ရှင်သန်ခြင်း၊ တတိယမဏ္ဍိုင်မှာ ကြံ့ကြံ့ခံပြီးခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများပင်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post အမုန်းမြစ် ဇာတ်လမ်းတွဲမှာ မနွယ်ဆိုတဲ့ တအား စိတ်ပုတ်တဲ့ကာရိုက်တာမို့ ဝိုင်းဆဲတာခံနေရတယ် ဆိုတဲ့ ဆုထက်လှိုင်