
ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။


တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ရန် ကျွမ်းကျင်မှုရှိသည့် ဆရာဝန်ကြီးများလိုအပ်သဖြင့် ကျိုင်းတုံမြို့ဆေးရုံကြီးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
ထို့အတူ ကျိုင်းတုံ-လွယ်မွေ ဆက်သွယ်ရေး လမ်းကြောင်းကို အဆင့်မြှင့်တင်ပြုပြင်မှုများပြုလုပ်ပေးခဲ့ရာ သွားလာမှုအဆင်ပြေ၍ လွယ်မွေဆေးရုံ၌ တက်ရောက်ကုသသူဦးရေနည်းပါးမှု၊ ဆရာဝန်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုတို့အရ လွယ်မွေဆေးရုံအားအဆင့်မြှင့်တင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် မဖြစ်မနေလိုအပ်ကာ ကျိုင်းတုံဒေသ၌ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။