တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

” တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate ရရှိမှာဖြစ်ပါတယ်။ နောက်ထပ် ၂ နှစ်တက်ရောက်အောင်မြင်ပြီးရင် ဒီပလိုမာဘွဲ့ရရှိမှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် Polytechnic University ကိုဆက်လက်တက် ရောက်နိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများတက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ Polytechnic နည်းပညာများကိုသင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများပိုမိုပေါ်ထွက်လာမည်ဟု ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျောင်းနေရာခိုင်နှုန်းနည်းပါးပြီး တန်းစဉ်ကူးပြောင်းမှုများလည်းနည်းပါးရာ တန်းစဉ်ကူးပြောင်းမှုနည်းပါးရခြင်းမှာ ဘာသာစကားအခက်အခဲ၊ မိဘများ၏ စီးပွားရေးအခက်အခဲများကြောင့်ဖြစ်သည်ကိုတွေ့ရှိရသဖြင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ပေးနိုင်မည့် ပညာတတ်လူသားအရင်းအမြစ်များပေါများကြွယ်ဝရန်လိုသည်ဟု ပြောသည်။

ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုများပိုမိုဖြစ်ပေါ်စေရန် ပညာတတ်များပေါကြွယ်ဝအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာမများသည်လည်း အရည်အချင်းပြည့်ဝရန်လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ပညာတတ်လူသားအရင်းအမြစ်များမွေးထုတ်နိုင်ပါက အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ဒေသ၏အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်