ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်း‌ရေးအတွက် တပ်မတော်က အမာခံအနေဖြင့် ဆောင်ရွက်ပေးမည်

ယခု ၂၀၂၅ ခုနှစ်အကုန် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေသနှင့် နိုင်ငံအကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန်လိုအပ်ပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တြိဂံတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ပြောကြားသည်။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင် ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးပြည်နယ် လွှတ်တော်များခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ဒေသနှင့်နိုင်ငံတော်၏ အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ် နှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးပြီးဖြစ်သလို နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အားလုံးကလည်း အားပေးထောက်ခံမှုရရှိခဲ့ကြောင်း ရုရှားနိုင်ငံခရီးစဉ်မှအပြန်တွင် နစကဥက္ကဋ္ဌက မီဒီယာများသို့ ဖြေကြားထားသည်။

ထို့ပြင် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များ ပြန်လည်အပ်နှင်းပေးသွားမည်ဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့ လုပ်ဆောင်ခဲ့သည်များ၊ ပြောဆိုခဲ့သည်များကိုပါ စနစ်တကျ မှတ်တမ်းပြုစု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက မေ ၂၀ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်သန်းဝင်း သွေးတိုးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်