ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံအရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို မဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ မူလရည်ရွယ်ချက်တွင် ပါသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် တရားမျှတသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅ ၊ ပုဒ်မ ၁၂၈ ၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကို ထည့်သွင်း ရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက် တွက်ဆ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ရေးဆွဲပြီး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့်အခွင့်အရေးများ၌ ဖက်ဒရယ်အခွင့်အရေးများပေးထားသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ဒီမိုကရေစီ ပထမအစိုးရ သက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်၌ အတိုက်အခံပါတီဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော်ကန့်ကွက်မှုများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစိုးရ သက်တမ်းကာလအတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့် ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား လုံးဝ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ အလားတူ ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွှတ်သည့် ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ် နှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးခဲ့ပြီး နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အာလုံးကလည်း အားပေးထောက်ခံမှုရရှိခဲ့ကြောင်း ရုရှားနိုင်ငံခရီးစဉ်မှအပြန်တွင် နစကဥက္ကဋ္ဌက မီဒီယာများသို့ ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၀-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ