
နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း
နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
” ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။



ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာ၌ ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် တိုက်တွန်းမှာကြားသည်။



ထို့အတူ တစ်လုတ်စားဖူးသူ့ကျေးဇူးဆိုသည့်စကားနှင့်အညီ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းကြသူများသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိကြရမည့် တာဝန်ဝတ္တရားရှိကာ အမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားကိုးအားထားပြုရမည့်မျိုးဆက်သစ်မောင်မယ်များဖြစ်အောင် ကြိုးပမ်းသွားကြရန်လည်း နစက ဥက္ကဋ္ဌ ကတိုက်တွန်းမှာကြားခဲ့သည်။