ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး မြန်မြန်ဆန်ဆန်တည်ဆောက်ရန် နစကဥက္ကဋ္ဌ မှာကြား

ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ကနဦး ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့အား သွားရောက်စစ်ဆေးစဉ် မှာကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာနရုံး အဆောက်အဦတို့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ရသည့် အဆောက်အဦများ စာရင်း၌ပါဝင်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း၊ မြေအရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ စနစ်တကျတွက်ချက်၍ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ ကနဦး ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်၍ ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ အန္တရာယ်ရှိသည့် အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးခန်းအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှု၊ ရုံးအဆောက်အဦရှေ့၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် အလုပ်သမားဝန်ကြီးဌာန၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်မှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရုံးခန်းများအလိုက် နစက ဥက္ကဋ္ဌက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၂၉-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်