“နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကာလုံ (၁/၂၀၂၅) တွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့ဇန်နဝါရီလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍမြှင့်တင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကျန်းမာမှပညာသင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင် ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင် ရွက်ပေးခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကိုစတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့် ပေးနိုင်ရန် တင်ပြခဲ့သည်။
ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။