ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ညွှန်ကြား
လက်ရှိတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလာသဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယမန်နေ့တွင် ပြုလုပ်သည့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။
လက်ရှိနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၈ ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆,၃၇၁ မဂ္ဂါဝပ် ရှိသော်လည်း အဆိုပါရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ ၁၂ ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အား ထုတ်လုပ်မှု ကျဆင်းလျက်ရှိနေကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေကြောင်း၊ ပြည့်ဖြိုးမြဲ စွမ်းအင်(Renewable Energy- RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည် ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အထက်အကြီးအကဲကလည်း Renewable Energy – RE ကို အလေးထား အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြား သည်။
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ တွင် ၄ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ခု၊ ရှမ်းပြည်နယ်တွင် ၁ ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း၊ ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁ ခုနှင့် မကွေးတိုင်းဒေသကြီးတွင် ၁ ခု စုစုပေါင်းတပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ်ရှိကြောင်း၊ တည်ဆောက်ဆဲ ဆိုလာနှင့် Hybrid စီမံကိန်းများ၏ စုစုပေါင်း တပ်ဆင်အင်အားအနေဖြင့် ၁,၀၂၆ မဂ္ဂါဝပ်ရှိကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
ယခုတည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် Hybrid (Gas Engine + Solar) စီမံကိန်းများ၏ မြေပြင် လုပ်ငန်းတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြောကြားသည်။