တရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA ၊ AA တို့တွေ့ဆုံဆွေးနွေးရန်ရှိနေ

တရုတ်၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် မြောက်ပိုင်း(၃)ဖွဲ့အနက် ကျန်ရှိသည့် TNLA နှင့် AA တို့ကပါ မြန်မာ့တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် ရှိနေကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

သတင်းရင်းမြစ်ထံက လတ်တလောရရှိထားသည့် သတင်းအချက်အလက်အရ ‌လာမည့်လအတွင်း မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် TNLA တို့ တရုတ်နိုင်ငံ‌တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေပြီး ရက်အပိုင်းအခြား တစ်ခု သတ်မှတ်ကာ AA နှင့် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

” နောက်လထဲလောက်မှာ ဖြစ်နိုင်ပါလိမ့်မယ်။ TNLA နဲ့ဆွေးနွေးပြီးလို့ နောက် (၁၀) ရက်နေရင် AA နဲ့ ထပ်ဆွေးနွေးမယ်လို့ သတင်းကြားရပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

မြောက်ပိုင်း(၃)ဖွဲ့၏ ၁၀၂၇ အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ခဲ့သည့် ကျူးကျော် တိုက်ခိုက်မှုများကြောင့် ရှမ်း/မြောက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များစွာထိခိုက်ခဲ့ရပြီး နိုင်ငံတော်၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို များစွာ ထိခိုက်ခဲ့ရသည်။

အလားတူ ၁၀၂၇ ဒုတိယလှိုင်းတွင်လည်း ရှမ်း/မြောက်ရှိ လားရှိုးမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံအမြောက်အများ စစ်ဘေးဒဏ်သင့်ခဲ့ရသည့်အခြေအနေလည်း ဖြစ်သည်။

အဆိုပါ အခြေအနေကို ကျော်လွှားနိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး သိသာသည့်အရွေ့မရှိခဲ့သည့် အခြေအနေဖြစ်သည်။

ထို့နောက် MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ လယ်ပိုင်းတို့တွင်(၂)ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆွေးနွေးမှုကို ကမကထလုပ်ခဲ့သည့် တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြောခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ရှိ လားရှိုးမြို့တွင် နေရာယူထားသည့် MNDAA အဖွဲ့များ ပြန်ဆုတ်ပေးရမည်ဟုသိရပြီး နှစ်ဘက်အဖွဲ့များမှ တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်းမျိုးမရှိသော်လည်း သဘောတူညီမှု၏ အကျိုးဆက်အနေဖြင့် တရုတ်အစိုးရက ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်အချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြောက်ပိုင်း (၃)ဖွဲ့စလုံးသည် ပဋိပက္ခများကို စစ်ရေးနည်းအရ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြောထားပြီး MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကာလုံ (၁/၂၀၂၅) တွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်
Next post ပညာပေး ဇာတ်လမ်းပုံစံ မေတ္တာခြုံလွှာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကျင်းပ