ရန်ကုန်မြို့ ၁၉ လမ်းရှိ Bar တစ်ခုတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၉ လမ်းရှိ Black House Bar တွင် ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးရာ ဆိုင်အတွင်း ရှိနေသူအချို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောကြားသည်။

ယမန်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က လသာမြို့နယ်၊ ၁၉ လမ်းတွင် ဖွင့်လှစ်ထားသည့် Black House ဆိုင်အတွင်းမှ အသံမိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲကာ နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

” အုန်း ခနဲဆို အသံက တော်တော်ကျယ်တယ်။ တစ်ချက်ပဲ။ ပြီးတော့ မီးခိုလို တက်လာတာ တွေ့လိုက်ရတယ်။ ကျွန်တော်တွေ့တာကတော့ အမျိုးသားနှစ်ဦး ဒဏ်ရာရတယ်။ တစ်ယောက်က ခေါင်းမှာ တစ်ယောက်က ခြေထောက်နားမှာ။ ပြင်းထန်တဲ့ဒဏ်ရာတွေတော့ မဟုတ်ဘူး။ တချို့ကတော့ သုံးယောက်ဒဏ်ရာရတယ်လည်း ပြောတယ်” ဟု ၄င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာမီတွင် လုံခြုံရေးအဖွဲ့များ ရောက်လာကာ ဒဏ်ရာရရှိသူ အချို့အား ရန်ကုန်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီး အနီးရှိစားသောက်ဆိုင်များအား ယာယီပိတ်ခိုင်းခြင်းနှင့် စစ်ဆေးမှုအချို့ရှိကြောင်း ၁၉ လမ်းအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

” ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကားနဲ့ ရဲကားရောက်လာပြီး လာစစ်တယ်။ ဒီနားက ဆေးရုံကြီးအရေးပေါ်ဝင်ပေါက်နဲ့ နီးတော့ ဒဏ်ရာရတဲ့သူတွေကို အဲ့ဒီကိုပဲ ခေါ်သွားတယ်။ ညက ၁၉ လမ်းတစ်လမ်းလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ဆိုင်တွေ ခဏပိတ်လိုက်ရတယ်။ နည်းနည်းပါးပါး စစ်ဆေးတာတွေလည်း တွေ့ရတယ်။ ဖမ်းတာဆီးတာတော့ မရှိဘူး။ စားသောက်တဲ့သူတွေလည်း ပေါက်ကွဲမှုဖြစ်ပြီး အကုန်ပြန်ကုန်ကြတယ်။” ဟု ၄င်းက ပြောကြားသည်။

ပေါက်ကွဲမှုနှင့် ပတ်သတ်၍ Urban Special Ranger Force ဆိုသည့် အဖွဲ့က ယနေ့နံနက်တွင် လူမှုကွန်ယက်မှ သတင်းထုတ်ပြန်ထားရာတွင် အဆိုပါ Bar သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများသောက်စားရာ နေရာဖြစ်သောကြောင့် စစ်ကောင်စီ၏စီးပွါးရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရတနာဗိုလ်အပေါ်မှာ လက်ဆော့ခဲ့ရပေမယ့် ဘာစိတ်မှမရှိပါဘူးဆိုတဲ့ ရန်အောင်
Next post အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံ လွှဲအပ်