နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက် ရှိသည့် တရုတ်နိုင်ငံသား (၁၀၁၇) ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်လျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးအား ဖော်ထုတ်ရရှိခဲ့ကာ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်ကြောင့် သိရှိရသည်။

“ ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးတော့ လွဲပြောင်းပေးတာတွေ ရှိပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့ တရုတ်နိုင်ငံဘက်ကို လွဲပြောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောချင်ပါတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက် လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိခြင်းများကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှု များ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ် လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်င်ငံတော်တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများအား နစက ဉက္ကဋ္ဌ အားပေးစကားပြောကြား
Next post သရက်ချောင်းမြို့နယ်တွင် လင်မယား နှစ်ဦးကို နေအိမ် အတွင်း ကြိုးတုတ်ပြီး PDF က မီးရှို့သတ်ဖြတ်မှုဖြစ်ပွား