မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ် အပါအဝင် ပြည်ပနိုင်ငံများအား ရှုတ်ချပွဲ မြို့ကြီးများတွင် ယနေ့ ပြုလုပ်

မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကို ဆန့်ကျင်ရှူတ်ချတဲ့ပွဲတွေကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက နေပြည်တော်၊ မြို့တော်ခန်းမနဲ့ ရန်ကုန်မြို့ကြီးတွေမှာ မြန်မာ့အမျိုးသားရေးကွန်ရက် အသင်းနဲ့ မျိုးချစ်ပြည်သူလူထုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“အကြမ်းဖက်အဖွဲ့တွေက ဘာလို့တစ်နေ့တခြား အားကောင်းလာသလဲ။ ဒီအကြမ်းဖက်အဖွဲ့တွေမှာ တရားဝင် ဝင်ငွေဆိုတာ ဘာမှမရှိဘူး။ ဘာမှမရှိဘဲ သူတို့ကာလရှည်ကြာရပ်တည်နိုင်တယ်။ ကာလရှည်ကြာရပ်တည်နေတဲ့အပြင် သူတို့ အသုံးပြု နေတဲ့လက်နက်တွေကို ကြည့်တယ်။ ဒါတွေက ပြည်ပထောက်ပံ့မှုတွေ။ ပြည်ပကအထောက်အပံ့တွေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဒုက္ခရောက်အောင်လုပ်နေတာကို သိသိသာသာထင်ထင်ရှားရှားမြင်လာရတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ပြည်တွင်းမှာနေထိုင်တဲ့ ရဟန်းရှင်လူပြည်သူတွေက ဒီ့ထက်မကသေဆုံးရတဲ့အဖြစ်တွေ ပိုပြီးကြုံလာမယ်။ ပြည်တွင်းမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးနေတဲ့ ပြည်သူတွေရှိနေပါတယ်။ အဲဒီလူတွေကိုလည်း ပြောချင်တာက အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးလို့ကျွန်တော်တို့ရရှိတာက ဘာလဲ။ အနည်းဆုံးဗျာ စစ်ကိုင်းတိုင်းကို သွားလို့မရတော့ဘူး။ လမ်းတံတားတွေဖျက်ဆီးခံထားရတယ်။ အခုဆို ရှမ်းမြောက်တခွင်မှာ ပြည်သူလူထုအများကြီးဒုက္ခရောက်နေကြပြီ။ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်က ပြည်သူလူထု ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုးဖြစ်စေသလား။ ကျွန်တော်တို့ SAC အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးကို ကြည့်တယ်။ ကြည့်တဲ့အခါ နိုင်ငံကြီးတွေနဲ့ရော အိမ်နီးချင်းတွေနဲ့ပါ အပြုသဘောဆန်ဆန် ဆက်ဆံတာတွေ့ရတယ်။ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်လာတဲ့ ဒရုန်းတွေ ဗုံးတွေ Drop Bomb တွေ ကြည့်လိုက်တဲ့အခါ တရုတ်က ပံ့ပိုးထားတယ်ဆိုတာကို သံသယရှိတယ်။ အခုဆိုရင် SAC အစိုးရနဲ့ တရုတ်အစိုးရကလည်း ဆက်သွယ်ဆွေးနွေးဆောင်ရွက်နေတယ်။ အပြုသဘောဆန်ဆန်​ဆောင်ရွက်နေပါလျက်နဲ့ မြောက်ပိုင်းသုံးကောင်ကို နောက်ကွယ်က ပံ့ပိုးပေးနေတယ်ဆိုရင် တရုတ်ပြည်က ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းကောင်း မပီသတော့ဘူး။ အဲဒီလိုလုပ်ရပ်မျိုး မလုပ်ပါနဲ့” လို့ မြန်မာ့အမျိုးသားရေးကွန်ရက်အသင်း အထွေထွေအတွင်းရေးမှူး နောင်တော်လေးက ပြောပါတယ်။

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ရဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံပါဝင်နေတယ်ဆိုရင်လည်း အကြမ်းဖက်အုပ်စုတွေကို ကူညီပံ့ပိုးနေတာကို ရပ်တန့်ဖို့နဲ့ အစိုးရအချင်းချင်း နားလည်မှုရှိရှိ အပြုသဘောဆန်ဆန်နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးကို တရုတ်အစိုးရကအလေးထားဆောင်ရွက်ပေးပါလို့လည်း မြန်မာအမျိုးသားရေးကွန်ရက်က မေတ္တာရပ်ခံပါတယ်။

ဒီလိုမျိုး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကို ဆန့်ကျင်ရှူတ်ချတဲ့ပွဲတွေကို လုပ်ဆောင်ရတာက တပ်မတော်နဲ့မဆိုင်ဘဲ မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့အနေနဲ့ လုပ်​ဆောင်တာလို့လည်း မြန်မာအမျိုးသားရေးကွန်ရက် ဒုတိယဥက္ကဋ္ဌကိုစည်သူမြင့်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ဝင်တိုက်သည့် PDF အဖွဲ့ဝင် (၂၀)ကျော် သေဆုံး
Next post ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဥ်ပြိုင်