မကွေး မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ယနေ့စတင်

မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ယနေ့ အောက်တိုဘာ (၂၄) ရက် နံနက် (၇) နာရီမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြသလွန် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအား စေတီတော်ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက်၏ ပဓာနနာယက မြသလွန်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ သာသနာ့အလံတော်အား အလံတိုင်ထိပ်သို့လွှင့်တင်ပေးတော်မူကာ ဆရာတော်၊ သံဃာတော်များက ဇယန္တော(၂)ဂါထာတော် ကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်ပဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

အဆိုပါ မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်ကြည်ညိုခဲ့ကြောင်းလည်း သိရသည်။

မြသလွန် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်စ္စည်းများနှင့် တောင်သူသုံးပစ္စည်း အမျိုးမျိုး၊ ပရိဘောဂပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ခင်းကျင်းပြသရောင်းချသည့် ဈေးဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိကာ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှလည်း ဘုရားဖူးလာသူများနားနေနိုင်ရန် အခမဲ့နားနေဆောင်များ စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ်အဖြစ် စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး ၁၅၀၀ အားပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့်သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀၊ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ သေဆုံး
Next post လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ အန်ဘိုဟွန်း