
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်မှ ရခိုင်လက်နက်ကိုင် AA ၏ နိုင်ငံရေးမှူးဖြစ်သွားသူ ဦးဦးလှစော နှာခေါင်းကင်ဆာဖြင့် သေဆုံး
ယခင်က ရခိုင်အမျိုးသားပါတီ (ANP) ၏ အထွေထွေအတွင်းရေးမှူးနှင့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ရခိုင်လက်နက်ကိုင် AA ၏ နိုင်ငံရေးမှူးအဖြစ်ကူးပြောင်းသွားသူ ဦးဦးလှစောမှာ နှာခေါင်းကင်ဆာဖြင့် သေဆုံးသွားပြီဖြစ်သည်။
မောင်ခိုင်အောင် (စစ်တွေ) အမည်နှင့် စာရေးသားသူလည်းဖြစ်သည့် ဦးဦးလှစောသည် နှာခေါင်းကင်ဆာရောဂါကြောင့် AA ထိန်းချုပ်ရာဒေသများတွင် ဆေးဝါးမပြည့်မစုံဖြင့် ကုသရင်း ယမန်နေ့ည သန်းခေါင်မတိုင်မီ ၁၁ နာရီ ၄၅ မိနစ် အချိန်က သေဆုံးသွားခြင်းဖြစ်ကာ သေဆုံးချိန်တွင် အသက် ၇၂ နှစ် ရှိနေပြီလည်းဖြစ်သည်။
“လည်ချောင်းကင်ဆာ မဟုတ်။ နှာခေါင်းကင်ဆာလို့ ဆိုလို့ရတယ်။ နှာခေါင်းနောက်ဖက်အရိုးထဲက ဖြစ်တာ”ဟု နိုင်ငံရေးလေ့လာဝေဖန်သုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။
ဦးဦးလှစောသည် ရခိုင်နိုင်ငံရေးသမားများတွင် ရှားရှားပါးပါး ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်ခြင်းနှင့် ရခိုင်မျိုးချစ်ဖြစ်ခြင်းများကြောင့် ဦးဦးလှစောသေဆုံးမှုမှာ ရခိုင်လူမျိုးများအတွက် ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်ကြောင်းလည်း လူမှုကွန်ရက်တွင် ဝမ်းနည်းနေကြသည်။