
KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် အစိုးရက ပြန်လည်ပြင်ဆင်နေသော မိုးကောင်းတံတား ထပ်မံမိုင်းခွဲခံရပြီး ကျိုးကျပျက်စီး
KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် အစိုးရက ပြန်လည်ပြင်ဆင်နေသော မိုးကောင်းတံတား ထပ်မံမိုင်းခွဲခံရပြီးနောက် ကျိုးကျပျက်စီးသွားမှုကြောင့် ကုန်ကားကြီးများသွားလာမရသည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။
ယမန်နှစ် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းဘုရားအနီး ရန်ကုန်-မော်လမြိုင် လမ်းကြီးပေါ်က မိုးကောင်းကျေးရွာရှိ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိတံတားကို KNU,PDFများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည်။


ထိုသို့ အကြမ်းဖက်များ မိုင်းခွဲဖျက်ဆီးမှုကြောင့် ၃၇ ပေ၊ ၄၈ ပေခန့်ရှိ တံတားတစ်စင်းလုံး ပြိုပျက်သွားခဲ့မှုကို ယာယီမြေသားလမ်းဖို့ကာ ပြင်ဆင်ခြင်း၊ တံတားသစ်ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းများကို အစိုးရ၏ ကြီးကြပ်မှုဖြင့် ပြင်ဆင်နေသည်ကို ယမန်နေ့ မေလ ၃ ရက် ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် KNU နှင့် PDF များကပင် ထပ်မံ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး KNU/PDF လက်နက်ကိုင်တစ်ဦးက လိုအပ်လို့ လုပ်ရကြောင်း မှတ်ချက်ပြုထားသည်ကိုလည်း တွေ့ရသည်။
“မိုးကောင်းတံတားကို ဖျက်ဆီးတာ ဒါနဲ့ဆို သုံးခါရှိပါပြီ။ တံတားက သေးတော့ ဒီတံတားကို လာဖျက်ဆီးတိုင်း ဘေးနားကအိမ်တွေ ဆိုင်တွေပါ ထိတယ်။ ခရီးသွားပြည်သူတွေ၊ ကုန်ကားတွေတင်မကဘဲ ဒေသခံပြည်သူတွေပါ ထိခိုက်တယ်။ ကုန်စည်စီးဆင်းမှုပြတ်တောက်တာနဲ့ ဒီလမ်းကြောကို မှီခိုနေရတဲ့ ဒေသတွေ ကုန်စျေးနှုန်းတက်တယ်။ ဒီလမ်းကြောက တပ်မတော်ထောက်ပို့လမ်းကြောအတွက်လည်း အဓိကကျတာမဟုတ်ဘဲ လာလာဖျက်ဆီးနေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတံတား မိုင်းခွဲခံရမှုကြောင့် ယာဥ်ငယ်များမှာ ရွာအတွင်း ရှောင်ကွင်းလမ်းက သွားလာနိုင်သော်လည်း လမ်းကျဥ်းသောကြောင့် ကားကြီးများ သွားလာမရဖြစ်နေသည့်အပြင် အဆိုပါတံတားတွင် တပ်ဆင်ထားသည့် MPT Back Bone ဖိုင်ဘာကြိုးများပါ ပြတ်တောက်သွားသဖြင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများအတွင်း ဖုန်းလိုင်းအချို့ပါ ဆက်သွယ်မရဖြစ်ပေါ်ကာ လိုင်း ပြတ်တောက်နေကြောင်း သိရသည်။