
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ ပြုလုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၈ ရက်(ယနေ့) နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်နယ်ကျောင်းတိုက်၊ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် နိုင်ငံတော်ဩဝါဒါစရိယ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်ကြီးများနှင့်အတူ နိုင်ငံတော်အကြီးအကဲများက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်တွင်းမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာမှ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူတကွ ပူပေါင်းပြီး အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို စနစ်ကျဖြင့် ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်နေမှုအခြေများကို တင်ဆက်ထားသည့် မှတ်တမ်းရုပ်သံကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး မဟာသီရနာဒကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီးလ ခံယူဆောက်တည်ခဲ့ကြကာ နစကဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။



ယင်းနောက် နစကဥက္ကဋ္ဌနှင့် ဇနီးတို့က ပေါက်နယ်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့က မဟာသီဟနာဒကျောင်းတိုက် ဆရာတော်ကြီးထံသို့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက တက်ရောက်လာသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
နစကဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်ဆရာတော်ကြီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ တရားတော်များ နာကြားပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအားရည်စူး၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီးနောက် နစကဥက္ကဋ္ဌနှင့် ဇနီး၊ နစကဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာသူများက ဆရာတော်ကြီးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

