
ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းမည့် သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ ဘောလုံးအသင်းဖန်လေလံပွဲမှ ရရှိခဲ့သည့် အလှူငွေအား လေလံအောင်သူပေးအပ်
ငလျင်ဒဏ်သင့် အင်းလေးဒေသသို့ လှူဒါန်းမည့် သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ ဘောလုံးအသင်းဖန်လေလံပွဲမှ ရရှိခဲ့သည့် အလှူငွေအား လေလံအောင်သူက ယနေ့တွင်ပေးအပ်ခဲ့ကြောင်း သိရသည်။ အင်းလေးဒေသ ငလျင်ဒဏ်သင့်ပြည်သူများ နေအိမ်ဆောက်လုပ်လှူဒါန်းရန်အတွက် မိမိကိုယ်ကိုယ် လေလံတင်ထားခြင်းကို လီဗားပူးအသင်းဖန်တစ်ဦးက ကျပ်(၉၂) သိန်းဖြင့် လေလံအောင်မြင်ခဲ့ရာမှ ယနေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်၏ လေလံပွဲမှရရှိသော အလှုုငွေအား လေလံအောင်သူ ကိုတူးနိုင်ထွန်း( Liverpool Fans ) မှ ကျော်ကျော်ဗိုလ်( Liverpool Fans )အား လှုုဒါန်းပေးအပ်ပါတယ်။ အလှူငွေအား ငလျင်သင့် အင်းလေးဒေသအတွက်ပြန်လည်တည်ဆောက်ရေး အိမ်အလှူအဖြစ် လှူဒါန်းပေးသွားပါမည်ခင်ဗျာ”ဟု ကျော်ကျော်ဗိုလ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
အဆိုပါ လေလံအောင်သောစျေးနှုန်း ငွေကျပ် (၉၂)သိန်းနှင့်အတူ ၎င်း၏ငွေကျပ် (၈)သိန်း ပူးပေါင်း၍ အင်းလေးဒေသ အိမ်ထောင်စု (၂) စုအတွက် နေအိမ် (၂) လုံးအား လေလံအောင်မြင်သူ လီဗာပူးပရိတ်သတ်၏ အမည်ဖြင့် ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။