ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အလုပ်သမားများအတွက် ကျပ် ၂၁ ဘီလျံကျော် ထောက်ပံ့ပေးရန် နိုင်ငံတော်ကစီမံနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အလုပ်သမားများအတွက် ကျပ် ၂၁ ဘီလျံကျော် ထောက်ပံ့ပေးရန် နိုင်ငံတော်ကစီမံနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပြောကြားလိုက်သည်။

နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအရ အကျုံးဝင်မြို့နယ်ပေါင်း (၁၂၆) မြို့နယ်မှ အာမခံအလုပ်သမားအား ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း၌လည်း အာမခံအလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်ဖြစ်သော ကျပ်ငွေသန်းပေါင်း ၇၁၈၅၅ ဒသမ ၅၄၉ (၇၁ ဒသမ ၈၅၆ ဘီလျံ) ထောက်ပံ့ပေးခဲ့ပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့ရသည့် အာမခံအလုပ်သမား (၃၃၉၄)ဦးကိုလည်း ကျပ်ငွေသန်းပေါင်း ၂၆၆ ဒသမ ၂၉၇ ထောက်ပံ့ပေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိသည့် မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှု ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ကျပ်ငွေသန်းပေါင်း ၂၁၇၀၃ ဒသမ ၁၀၄ (၂၁ ဒသမ ၇၀၃ ဘီလျံ)ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်လျက်ရှိသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၁-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်