
ဒါရိုက်တာစင်ရော်မောင်မောင် ယာဥ်တိုက်မှုဖြစ်ပြီး ပေါင်လယ်ရိုးကျိုးသွား၊ နောက်ထပ်သုံးယောက်လည်းထိခိုက်ဒဏ်ရာရ
နေပြည်တော် ၊ဇဗ္ဗူသီရိမြို့နယ် ၊ဆေးရုံအနီးမှာ မေလ ၅ ရက်နေ့ ညနေပိုင်းက ဒါရိုက်တာစင်ရော်မောင်မောင် ယာဥ်တိုက်မှုဖြစ်ပြီး ဘယ်ဘက်ပေါင်လယ်ရိုးကျိုးသွားတယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုက မနေ့က ညနေ ၅ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ လက်ရှိ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိကြောင်း သားဖြစ်သူ မင်းသန့်မောင်မောင်က ပြောဆိုထားပါတယ်။
” နေပြည်တော်မှာ ဘယ်ဘက်ယာဉ်ကြောကနေ မောင်းလာတဲ့ယာဉ်က အရှေ့ကားကို ကျော်တက်ကာ ညာဘက်မှာမောင်းနှင်လာတဲ့ အဖေစီးနှင်းလာတဲ့ ယာဉ်ကိုပြင်းထန်စွာဝင်ရောက်တိုက်ခံခဲ့ရပါတယ်။အဖေ ဒဏ်ရာကြီးကြီးမားမား ဖြစ်မသွားပါဘူး။အဖေ့ကို CT Scan စစ်ပြီးချိန်မှာ အသက်အန္တရာယ်အရေးကြီးတဲ့အစိတ်အပိုင်းတွေ စိုးရိမ်စရာမရှိဘဲ ဘယ်ဘက်ပေါင်လယ်ရိုးကျိုးသွားတယ်။” လို့မင်းသန့်မောင်မောင်ကသူရဲ့လူမှုကွန်ယက်ကနေအသိပေး ပြောထားပါတယ်။


အဆိုပါ ယာဥ်တိုက်မှုမှာ စင်ရော် မောင်မောင်နဲ့အတူ နောက်ထပ် အမျိုးသား သုံးယောက်လည်း ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး အားလုံးကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို လူမှုကူညီရေးအသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
” စင်ရော်မောင်မောင်က ပေါင်ကျိုးသွားတယ်ဟုတ်တယ်။နောက်ထပ်သုံးယောက်လည်းထိခိုက်ဒဏ်ရာရပေမယ့် သိပ်တော့မပြင်းဘူး။ ဟိုက်ဂျက်ကိုရှောင်ရင်းကနေ တိုက်မိကြတာလို့ပြောတယ်။ ကားခေါင်းတွေကတော့ကြေမွနေတာပဲ။” လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ဇဗ္ဗူသီရိမြို့အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ ဘယ်ဘက်ပေါင်လယ်ရိုးကျိုးသွားတဲ့ဒဏ်ရာကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ Operation ပြုလုပ်ပြီး ဆက်လက်ကုသဖို့ စီစဉ်နေကြောင်း သားဖြစ်သူက ပြောဆိုထားပါတယ်။