
ဗြောသံ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးမိသားစုရဲ့ ရှင်ပြုအလှုတော် မင်္ဂလာအခမ်းအနား ကျင်းပ
သစ်တံခါးဆရာတော်ကြီးအား အမှူးထားပြီးတော့ “ဗြောသံ” ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေး မိသားစုရဲ့ ရှင်ပြုအလှုတော်မင်္ဂလာ အခမ်းအနားကိုဧပြီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဝဇီရာ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ တကယ့်ကို ရှင်ပြုဖို့ ခက်ခဲနေတဲ့သူတွေကို ရှင်ပြုပေးတဲ့ အလှူက တကယ်ကိုလည်း ဝမ်းသာပီတိဖြစ်စရာကောင်းပါတယ်။ တိုက်ဆိုင်တာက ဒီနေ့က ကျွန်တော့်မွေးနေ့လည်း တိုက်ဆိုင်တယ်။ တိုက်ဆိုင်တော့ ဆရာတော်ကို မွေးနေ့အရုဏ်ဆွမ်းကပ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်မို့ ကျွန်တော်အတွက် ပျော်စရာကြီးပေါ့။ ရှင်လောင်းလှည့်မှာလည်း ပါဝင်ပေမယ့် နည်း နည်းပါးပါးပေါ့။ အားလုံးစုစုစည်းစည်းနဲ့မို့ မိသားစုဆန်တော့ ပျော်စရာကောင်းပါတယ်”လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ပြောပါတယ်။



အဆိုပါ ရှင်ပြုအလှူတော်မှာတော့ ဗြောသံ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ နေဝင်း၊ ဖြိုးငွေစိုး ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ အေးဝတ်ရည်သောင်း၊ သူရိယစတဲ့ အနုပညာရှင်များစွာက ပါဝင်ခဲ့ကြပါတယ်။
“ဒီနေ့ပွဲလေးကတော့ သစ်တံခါးဆရာတော်ကြီးအား အမှူးထားပြီး ဗြောသံ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေး မိသားစုကလုပ်တဲ့ ရှင်ပြု အလှုတော် မင်္ဂလာအခမ်းအနားပါ။ ဒီအခမ်းအနားမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဗြောသံဆိုတဲ့ ကားမှာတော့ ဝင့်ဝါက ပန်းဥဆိုတဲ့ ကာရိုက်တာ နေရာကနေ ပါဝင်ထားပါတယ်။ ဒီကားလေး ထွက်လာရင်လည်း အားပေးကြဖို့အတွက် ပြောချင်ပါတယ်”လို့ အကယ်ဒမီ ခင်ဝင့်ဝါက ပြောပါတယ်။

သစ်တံခါးဆရာတော်ကို အမှူးထားပြီးတော့ လှိုင်သာယာမြို့နယ်အတွင်းရှိ ရှင်ပြုဖို့အတွက် အခက်အခဲ ရှိတဲ့ ကလေးငယ်ရှင်လောင်း ၂၈ ပါးကို ရှင်ပြုအလှူတော်အဖြစ် နံနက် ၇ နာရီအချိန်က သစ်တံခါးဘုန်းကြီးကျောင်းကနေ မင်္ဂလာဝဇီရာရုပ်ရှင်ရုံ (လှိုင်သာယာ)မှာ ရှင်လောင်းလှည့်ထွက်ခွာခြင်း၊ အလှူတော် မင်္ဂလာ အခမ်းအနား ပြုလုပ်ခဲ့သလို ဗြောသံ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲလည်း ပြသခဲ့ပါတယ်။