မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပ

၇၅ ရက်ကြာ ကျင်းပမည့် မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက် (ယနေ့) က အစဉ်အလာမပျက် စတင်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်ထက် ဆိုင်ခန်းနှင့် တည်းခိုဆောင် (တဲကျောင်း) များ လျော့ကျခဲ့ကြောင်း သိရသည်။

 မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ကျင်းပလေ့ ရှိကြောင်း ပွဲတော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာ နှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ် အပူဇော်ခံလေ့ရှိကြောင်း ပုံမှန်အားဖြင့် ရွှေစက်တော်ပွဲတော်ချိန်တွင် တည်းခိုဆောင် (တဲကျောင်း) ပေါင်း ၅၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ နီးပါး တည်ဆောက်လေ့ရှိသော်လည်း ယခုနှစ်တွင်  ဆိုင်ခန်းနှင့် တဲကျောင်းအရေအတွက် ထက်ဝက်ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

 ” ပွဲတော်ကို ပုံမှန်ကျင်းပနေကျအတိုင်း အစဉ်အလာမပျက် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲနေ့မှာ ဘုရားဖူးလာရောက်သူ​ နည်းပါးပေမယ့် နယ်ဝေးကနေ ကားကြီးတွေနဲ့ လာရောက်ကြသူတွေလည်း ရှိပါတယ်။ တဲကျောင်းတစ်ချို့လည်း ခု ဖွင့်ပွဲရက်မှာမှ တည်ဆောက်နေကြတာလည်း ရှိပါတယ် “ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ပိတ်ပွဲ ကျင်းပလေ့ရှိကြောင်း ပွဲတော် ပိတ်ပွဲနေ့ တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ပြန်လည် ပိတ်ထားလေ့ရှိကြောင်း မန်းချောင်း၏ ဝဲဘက်နံဘေး ဓမ္မာရုံအတွင်း တည်ရှိသည့် အောက်​စက်​​​​​ တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော် ချိန်ပြင်ပတွင်လည်း အောက်စက်တော်ရာကို မြင်တွေ့ဖူးမြော်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၂-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်