အခြေခံစားကုန် များများထုတ်နိုင်မှသာ ကုန်ဈေးနှုန်းကြီးမြင့်မှု လျော့ကျလာမည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ မှာကြား

ပြည်တွင်း၌ အခြေခံစားကုန်များကို များများထုတ်နိုင်မှသာလျှင် ကုန်ဈေးနှုန်းကြီးမြင့်မှုများလည်း လျော့ကျလာမည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် မြန်မာသားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) နှင့် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ဒေသတွင်း အသား၊ ငါးနှင့် ရာသီသီးနှံ ဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၇ သန်းကျော် ရှိပြီး စားရေးဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါး နှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မွေးမြူရေးဇုန်၊ မွေးမြူရေးစခန်းများ၌ သာမက ကျေးရွာအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူရေးသည်ပင် စနစ်ကျနသည့် မွေးမြူရေး လုပ်ငန်းများဖြစ်ရန်လိုပြီး အထွက်နှုန်းများကောင်းမွန်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးအစာကုန်ကြမ်းများ မပြတ်ရရှိရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ ဟင်းသီးဟင်းရွက်များ ဖူလုံစွာထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံ စားကုန်များကို များများထုတ်လုပ်နိုင်မှသာလျှင် ကုန်ဈေးနှုန်းကြီးမြင့်မှုများသည်လည်း လျော့ကျလာမည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌပြော
Next post လက်ရှိရုံတင်ပြသနေတဲ့ ရိုမန့်ဇာတ်လမ်းပုံစံ “ချိုချဥ် သူငယ်ချင်း”ရုပ်ရှင်ဇာတ်ကားကြီး Cele Show ပွဲ အခမ်းအနားကျင်းပခဲ့