မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌပြော
မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ကျင်းပသည့် (၂၀၂၅)ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်းဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသော ကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံမှ အလေးထားလျက်ရှိသည်ဟု ပြောသည်။
” မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များအပေါ် တရုတ်နိုင်ငံတာဝန်ရှိသူများ၏ အတည်ပြုဆွေးနွေးချက်များနှင့် ကူညီ ထောက်ပံ့မှုများသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေအဖြစ်တည်ရှိနေမှုကိုဖော်ပြနေခြင်းဖြစ်ကာ မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာမှုသည်လည်း မိမိတို့၏ခိုင်မာသည့်အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အားပေးကူညီမှုများကြောင့်ဖြစ်သည်ဟု ပြောသည်။
ထိုသို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုမလိုလားသော ပြည်တွင်းပြည်ပအဖွဲ့များက နည်းလမ်း မျိုးစုံအသုံးပြုပြီး သွေးခွဲနေကြသည်ကို နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံသူ၊နိုင်ငံသားများအားလုံးက အထူး ဂရုစိုက်ရန် လိုသည်ဟု ပြောသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကပင်ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ရေကိုသားလို့ အကြားမထင်သကဲ့သို့ ဘယ်လိုနည်းလမ်းနှင့်လုပ်ရပ်မျိုးကမှ ပျက်ပြားအောင်လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန် လိုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။