
နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အကျဥ်းသား၊ အကျဥ်းသူ (၅၈၆၄)ဦးကို ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
နစက မှ အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် နစက ဥက္ကဋ္ဌက ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရမှုများမှ လွတ်ငြိမ်းခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူ(၁၄၄)ဦးကို ထောင်ဒဏ်(၁၅) နှစ်သို့လျော့ပေးခဲ့ပြီး နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ(၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရပါသည်။