၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၊ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ(၃၂၁၉၁၄၀၇)ဦး ကောက်ယူရရှိ
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရလဒ်များကို အဆင့်ဆင့် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ထုတ်ပြန်သည့် ရှေ့ပြေးလူဦးရေစာရင်းသည် ပထမဆုံးအဆင့် ထုတ်ပြန်သော အစီရင်ခံစာဖြစ်သည်ဟု သိရသည်။
ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံတော်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူမှုစီးပွားဘဝ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ကတိကဝတ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ပြယုဂ်တစ်ခုဖြစ်ပြီး သန်းခေါင် စာရင်းမှ ကောက်ယူရရှိသည့် အချက်အလက်များကို ဆောလျင်စွာ ထုတ်ပြန်ကြေညာရမည် ဆိုသော ပြဋ္ဌာန်းချက်ကို လိုက်နာ၍ ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၊ ရှေ့ပြေးလူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ညသန်းခေါင်ယံ အချိန်(သန်းခေါင်စာရင်းရည်ညွှန်းချိန်)တွင် မြန်မာနိုင်ငံအတွင်း၌ ရှိနေသော လူဦးရေစုစုပေါင်းမှာ (၅၁၃၁၆၇၅၆)ဦး ဖြစ်ပြီး ကောက်ယူရရှိသော လူဦးရေမှာ (၃၂၁၉၁၄၀၇)ဦးဖြစ်သည်။ စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ဒေသများအတွက် Remote Sensing နည်းပညာဖြင့် ဆောင်ရွက်၍ ခန့်မှန်းတွက်ချက်ထားသော လူဦးရေစာရင်းမှာ (၁၉၁၂၅၃၄၉)ဦးဖြစ်သည်။ အဆိုပါကိန်းဂဏန်းများကို ပင်မအစီရင်ခံစာထုတ်ပြန်ပြီးစီးအချိန်အထိ ရှေ့ပြေးလူဦးရေကိန်းဂဏန်းများအဖြစ် အသုံးပြုသွားမည်ဟု သိရသည်။