တောင်ကိုရီးယားအကျော်အမော် မင်းသားရိန်းက You Tube သုံးစွဲမှုရပ်ဆိုင်း
တောင်ကိုရီးယား နာမည်ကျော်အဆိုတော် နှင့် ရုပ်ရှင်မင်းသား ရိန်း (ဂျွန်ဂျီဟွန်း)က You Tube ပလက်ဖောင်းတွင် ၎င်း၏လှုပ်ရှားမှုများကို ရုတ်တရက် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ရိန်းသည် ‘‘ကျွန်တော် ဂျွန်ဂျီဟွန်းပါ။ တောင်းပန်ပါတယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင်တစ်ခုကို ၎င်း၏ You Tube ချန်နယ် “Season B Season”တွင် မကြာသေးမီကတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်အတွင်းတွင် “အားလုံးပဲ တောင်းပန်ပါတယ်”ဟု ရိန်းက ပြောကြားထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ရိန်းက “သတင်းတချို့ကို ပြောပြဖို့ ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တာပါ။ ပိုမိုကောင်းမွန်တဲ့အကြောင်း အရာတွေကို ဖန်တီးဖို့ အတွက် ခေတ္တအနားယူဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးကို အံ့အားသင့်စေပြီး ပိုမိုကောင်းမွန်တဲ့ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေနဲ့အတူ ပြန်လာနိုင်ဖို့ ကျွန်တော်ခေတ္တအနားယူမှာပါ။ ဒါကို အားလုံးလည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်”ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရိန်းသည် ဗီဒီယိုဖိုင်အဆုံးတွင် “ကျွန်တော်တို့မကြာမီအချိန်အတွင်း ပြန်လာခဲ့ ပါမယ်။ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ”ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ရိန်းသည် Season B Season YouTube ချန်နယ်ကို (၂၀၂၀) ပြည့်နှစ် ဇူလိုင်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး mukbangs၊ workouts နှင့် talk show အပါအဝင် အကြောင်းအရာမျိုးစုံကိုမျှဝေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ရိန်း၏ Season B Season YouTube ချန်နယ်သည် ဖော်လိုဝါ (၁ ဒသမ ၈)သန်းကျော်ထိရှိကြောင်းလည်းသိရသည်။ ရိန်း၏ You Tube ချန်နယ်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုသည် ကြည့်ရှုမှု (၁၂ ဒသမ ၂၄) သန်းအထိ ရရှိခဲ့ဖူးသော်လည်း ပြီးခဲ့သည့် လအတွင်း ကြည့်ရှုမှုအရေအတွက်မှာ (၁)သိန်းနှင့် (၆၈၀ဝဝဝ)ကြားအထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရသည်။