ပထမဦးဆုံးအိမ်ထောင်ရေး ဟဲဗီးဒရာမာ “မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲမှာ အကောင်းဆုံး ကြိုးစားထားတယ် ဆိုတဲ့ အောင်ရဲလင်း

ပရိသတ်ချစ်ခင်မှုပိုပြီး တစိုက်မတ်မတ်ရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းက “မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲဟာ သူ့အဖို့ ပထမဦးဆုံးအိမ်ထောင်ရေး ဟဲဗီးဒရာမာဇာတ်လေးဖြစ်လို့ အကောင်းဆုံး ကြိုးစားရိုက်ကူးထားတယ်လို့ဆိုပါတယ်။

“ဒီကားမှာတော့ ကျွန်တော်က မိုးခဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ အိမ်ထောင်မကျခင် အပိုင်းအခြားတစ်ခုနဲ့ အိမ်ထောင်မကျခင် ဇာတ်ရုပ်အပိုင်းလေးတွေ မြင်ရမှာပါ။ ကာရိုက်တာက ကျွန်တော့်အတွက်တော့ ထူးခြားပါတယ်။ တခြားမင်းသားတွေအတွက် ရိုက်ကူးနေကြဇာတ်ရုပ်ဖြစ်ပေမယ့် ကျွန်တော့်အတွက်က အိမ်ထောင်ရေးကားတွေ သိပ်မရိုက် ဖြစ်တော့လေ။ ကျွန်တော့်အတွက် ပထမဦးဆုံး အိမ်ထောင်ရေး ဟဲဗီးဒရာမာကားလေးပါ။ ကာရိုက်တာအပေါ်မှာ ကျွန်တော့် အနေနဲ့ ပိုဂရုစိုက်ရတဲ့အချိန်မှာ ကိုယ်ကလည်း အသက်အရွယ်ရလာပြီမို့လေ။ အတွေးအခေါ်တွေလည်း ပိုများလာသလို အတွေ့အကြုံတွေလည်း များလာတယ်ဆိုတော့ အလုပ်လုပ်လို့ ပိုကောင်းသွားတယ်။ အရင်က အိမ်ထောင်ရေးဇာတ်တွေ ရိုက်မယ်ဆိုရင် အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်မသိဘူး။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေက တွေ့မြင်ရတာတွေ သိတာလေးနဲ့ ရိုက် ထားပါတယ်။ ကျွန်တော့်အနေနဲ့ အသက်အရွယ်တစ်ခုရောက်လာတော့ အိမ်ထောင်ရေးဇာတ်လမ်းတွေ ရိုက်ဖြစ်လာတယ်။ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံလေးမို့ ကျွန်တော် အကောင်းဆုံး ကြိုးစားရိုက်ထားပါတယ်”လို့ သရုပ်ဆောင် အောင်ရဲလင်းက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ သူရိယ၊ နန်းဆုဦး၊ နော်ဖောအယ်ထား၊ အောင်လေး စတဲ့သူတွေ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။ “မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲကိုတော့ လာမယ့် အောက်တိုဘာလမှာ Canal Plus Channel , Canal + Zat Lenn တွေမှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျိုက်ထိုမြို့အတွင်း မျောက်ကျောက် ရောဂါ သံသယလူနာ ၏ ကနဦး ဓါတ်ခွဲခန်းရလာဒ် Negative
Next post ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာက ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထား