ထားဝယ်အထူးစီးပွားဇုန်အတွက် စိတ်ဝင်စားမှုစာချွန်လွှာ မကြာမီ လက်မှတ်ထိုးမယ်

မြန်မာပြည်တောင်ဘက်ပိုင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး မကြာမီမှာ စိတ်ဝင်စားမှုစာချွန်လွှာ (Memorandum Of Interest – MOI) လက်မှတ်ရေးထိုးသွားမယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့ကအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

MOI လက်မှတ်ရေးထိုးမယ့် ကိစ္စမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အချက်တွေကို ဥပဒေပညာရှင်တွေ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ စိစစ်ပြီး ပြဋ္ဌာန်းချက်တွေနဲ့အညီ နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအပြင် အထူးစီးပွားဇုန်အတွက် ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်းဖွဲ့စည်းထားတဲ့ ငွေကြေးစုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Special Purpose Vehicle) နဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်သွားကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးအဆင့်ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ဖို့ ရုရှားနဲ့နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီတို့ ကနဦးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဆွေးနွေးမှုတွေက ကနဦးအဆင့်သာ ရှိသေးပြီး ရှရှားဘက်က အဆိုပြုလာတဲ့ စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ် ပြန်တာမျိုးမရှိသေးပါဘူး။ ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ကနဦးအဆင့် (၂၇) စတုရန်းမိုင်အတွင်း မူလခန့်မှန်းချက်ဖြစ်တဲ့ ဒေါ်လာ ဘီလီယံတန် စက်မှုဇုန် အပါအဝင် ဓါတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း စတာတွေကို တည်ဆောက်ဖို့ လျာထားဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်