Ranbir Kapoor ရဲ့ ရာမာယဏရုပ်ရှင်ကို ရာမမင်းမွေးနေ့မှာ ကြေညာဖွယ်ရှိ

Dangal နဲ့ Chhichhore တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ Bollywood ဒါရိုက်တာ Nitesh Tiwari ဟာ Bollywood သရုပ်ဆောင် Ranbir Kapoor, တောင်ပိုင်းသရုပ်ဆောင် Sai Pallavi နဲ့ Yash တို့နဲ့အတူ ရာမာယဏရုပ်ရှင်ကို ရိုက်ကူးဖို့ပြင်ဆင်လျက်ရှိပါတယ်။

အဆိုပါရာမာယဏရုပ်ရှင်နဲ့ပတ်သက်ပြီး လက်ရှိမှာ သတင်းအကြောင်းအရာမျိုးစုံထွက်ပေါ်နေပေမယ့်လည်း တိကျတဲ့ အတည်ပြုချက်တစ်စုံတစ်ရာမရှိသေးတဲ့အတွက် ပရိသတ်တွေဟာ ရာမာယဏရုပ်ရှင်ရဲ့ တရားဝင်ကြေညာချက် တစ်စောင် အမြန်ထွက်ရှိလာဖို့ စောင့်မျှော်နေလျက်ရှိပါတယ်။

နောက်ဆုံးသိရှိရတဲ့သတင်းတစ်ပုဒ်အရ ဒါရိုက်တာ Nitesh Tiwari ရဲ့ ရာမာယဏရုပ်ရှင်ဟာ အပိုင်း ၃ ပိုင်း ပါဝင်မယ့် သုံးကားတွဲရုပ်ရှင်ဖြစ်ပြီး လာမယ့် ဧပြီလမှာကျရောက်မယ့် Rama Navami (ရာမမင်းမွေးနေ့) မှာ ရာမာယဏရုပ်ရှင်ကို တရားဝင်ကြေညာအတည်ပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။ Rama Navani ကို ဧပြီ ၁၇၊ ၂၀၂၄ မှာ ကျင်းပသွားမှာဖြစ်ပြီး Nitesh Tiwari ရဲ့ ရာမာယဏရုပ်ရှင်အကြောင်းကို အဲဒီနေ့မှာ သိရနိုင်ချေရှိပါတယ်။

ရင်းမြစ်များအရ ရာမာယဏရုပ်ရှင်သစ်မှာ Sanju နဲ့ Animal သရုပ်ဆောင် Ranbir Kapoor က Rama အဖြစ်၊ နာမည်ကျော်တောင်ပိုင်းမင်းသမီး Sai Pallavi က Sita အဖြစ်နဲ့ KGF သရုပ်ဆောင် Yash က Ravan နေရာကနေ ပါဝင်သွားမှာဖြစ်သလို Don 2 သရုပ်ဆောင် Lara Dutta က Kaikeyi အဖြစ်၊ Rakul Preet Singh က Shurpanakha အဖြစ်နဲ့ Gadar 2 သရုပ်ဆောင် Sunny Deol က Hanuman အဖြစ် ပါဝင်လာကြမှာဖြစ်ကြောင်း သိရပါသေးတယ်။

Kaikeyi ဟာ Rama ရဲ့ ဖခင်ဖြစ်သူ Dasharatha ရဲ့ တတိယမြောက်မိဖုရားဖြစ်ပြီး ရာမာယဏဖြစ်ရပ်တစ်ခုလုံးဟာ Kaikeyi နဲ့ ၎င်းရဲ့သားဖြစ်သူ Bharata တို့ကနေ အစပြုဖြစ်တည်လာတာဖြစ်ပါတယ်။ Shurpanakha ဆိုတာကတော့ Ravan ရဲ့ ညီမလည်းဖြစ်သလို Ram နဲ့ Ravan ကြားမှာ စစ်ပွဲတစ်ခုဖြစ်လာစေရတဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။

ရာမာယဏရုပ်ရှင်ကို ယခုမတ်လမှာ Ranbir Kapoor နဲ့ Sai Pallavi တို့နဲ့ ရိုက်ကူရေးစတင်မှာဖြစ်ပြီး ၂၀၂၄ ဇူလိုင်လမှာတော့ Yash ရဲ့ ပတ်သက်တဲ့ဇာတ်ဝင်ခန်းတွေကို စတင် ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါသေးတယ်။

ရာမာယဏရုပ်ရှင်ကို ၂၀၂၅ ဒီပါဝလီနေ့မှာ ရုံတင်ပြသဖို့ ရည်ရွယ်လျက်ရှိပြီး visual effects အပိုင်းကို အော်စကာဆုရ ဟောလိဝုဒ်ရုပ်ရှင် Dune: Part One ရဲ့ VFX ကို တာဝန်ယူခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ DNEG ကုမ္ပဏီ ကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လာရောက် ရိုက်ကူး
Next post (၄-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်