ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လာရောက် ရိုက်ကူး

ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ ရိုက်ကူးရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့သည် မတ်လ (၂) ရက်နေ့က နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Best International Travel & Agency တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် လာရောက်သော အဆိုပါ အဖွဲ့သည် ခရီးစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ယခင်ကလည်း Best International Travel & Agency ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသအချို့သို့ လာရောက်ရိုက်ကူးပြီး ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများ၌ ပြန်လည် ထုတ်လွှင့်ဖော်ပြပေးခဲ့သည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည် (၉) သိန်းကျော် ဝင်ရောက်ခဲ့ပြီး၊ တစ်နှစ်တာ ကာလအတွင်း ထိုင်းခရီးသွားဧည့်သည်ဝင်ရောက်မှု အနေဖြင့် (၇၄) ရာခိုင်နှုန်းရှိခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း ထိုင်းခရီးသွားဧည့်သည် (၁)သိန်း (၁) သောင်းကျော် ဝင်ရောက်ခဲ့ပြီး၊ တစ်လတာ ကာလအတွင်း ဝင်ရောက်မှုအနေဖြင့် (၈၄) ရာခိုင်နှုန်း ရှိခဲ့သည်။

ယခု ရိုက်ကူးရေးအဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်ြမတ်ကြီး၊ ရတနာဆင်ဖြူတော်များ၊ လွှတ်တော်၊ ပုဂံဒေသရှိ ပုဂံရှုခင်းအလှနှင့် ပုဂံဒေသ၏ နေထွက်ရှုခင်းအလှများကို ရိုက်ကူးရေး ဆောင်ရွက်ပြီး ထိုင်းနိုင်ငံတွင် ပြန်လည်ထုတ်လွှင့်ပြသကာ ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်နိုင်စေရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃.၃.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post Ranbir Kapoor ရဲ့ ရာမာယဏရုပ်ရှင်ကို ရာမမင်းမွေးနေ့မှာ ကြေညာဖွယ်ရှိ