လာမည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်း ရရန် မျှော်မှန်းထား

လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု နဲ့ ဝန်ဆောင်မှု တန်ဖိုး (ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်း ရရှိဖို့ မျှော်မှန်း ထားတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မတ်လ ၂၄ ရက်က ကျင်းပပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးမှာ ကော်မရှင် ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ နိုင်ငံတော်ရဲ့ မက်ခရိုစီးပွားရေး အခြေအနေ တည်ငြိမ်မှု နဲ့ ရေရှည်စီးပွားရေး တိုးတက်မှု ရှိစေရေး လိုငွေ နဲ့ ဂျီဒီပီ အချိုးကို သင့်တင့်တဲ့ ပမာဏအတွင်း ထိန်းသိမ်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဘဏ္ဍာငွေတွေကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍတွေမှာ အသုံးစရိတ်တွေ တိုးမြှင့်ပေး လျက်ရှိပြီး အခုလို တိုးမြှင့်ပေးခြင်းမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးဌာနတွေ နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ဘတ်ဂျက်တွေ လျာထားရာမှာ အမှန်တကယ် အသုံးပြုနိုင်မယ့် ပမာဏတွေကို လျာထားဆောင်ရွက်ကြဖို့လိုပြီး ဘဏ္ဍာငွေတွေကို နိုင်ငံတော် နဲ့ ပြည်သူ အတွက် အကျိုးရှိမယ့် နေရာတွေမှာ အသုံးချဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဘဏ္ဍာငွေသုံးစွဲရေးမှာလည်း စနစ်တကျသုံးစွဲကြဖို့လိုပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စနစ်တကျနဲ့ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ဖို့လိုကြောင်း နဲ့ စီမံကိန်းတွေ အောင်မြင်စေရေး စနစ်တကျနဲ့ တိုင်းပြည် နဲ့ ပြည်သူအပေါ် စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုတယ်လို့လည်း မှာကြားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာနတွေ နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ လျာထားတဲ့အတိုင်း ရငွေတွေ အပြည့်အဝရရှိအောင် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်သွားရန်လည်း အရေးကြီးပြီး အခွန်အကောက်ရငွေတွေကိုလည်း တည်ဆဲအခွန်အကောက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ဖို့ အထူးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်နိုင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ
Next post လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား