လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

မတ် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးစနစ်ကောင်းမွန်လာပါက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းများ အောင်မြင်စေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေး အင်အားများ ကောင်းမွန်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် လိုကြောင်း၊ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် ရယူသင့်သည့် သင်ခန်းစာများကို ဖော်ထုတ်ပြီးလက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် တီထွင်ကြံဆ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများကိုလည်း လေလွင့်မှုမရှိစေဘဲ သက်ဆိုင်ရာ ဒေသအသီးသီး၌ ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်အချိန်မှစပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဘက်ပေါင်းစုံမှ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊နိုင်ငံတော်၏ အဓိကစီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဖွဲ့အစည်းဆိုင်ရာမူဘောင် (Institutional Framework)များ အားကောင်းစေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အဓိကကျသည့် ကဏ္ဍများတွင် ထုတ်လုပ်မှုအရှိန်အဟုန် မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နှင့် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုး တိုးတက် ရန်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း အဖျက်အမှောင့်လုပ်ငန်းများကြောင့် နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကျောင်း၊ ဆေးရုံ စသည်များတွင် ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း၊ ထိုသို့ဖျက်ဆီးမှုများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး နယ်မြေဒေသ မတည်ငြိမ်သည့် ဒေသများတွင် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ဆဲ ဆည်တမံနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်ရန်လိုအပ်သည့် မျိုး၊ မြေဩဇာ၊ စက်ကိရိယာများ၊ စိုက်ပျိုးရေရရှိရန် ဆိုလာရေတင်လုပ်ငန်းများကို ဦးစားပေးလျာထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူ နိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးစသည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေအရင်းအမြစ်များနှင့် ပြည်သူများ အဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် လိုအပ်သည့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ခြင်းကိုလည်း ခွင့်ပြုထားကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေများ လျာထားခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများက လျာထားသည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက လျာထားသည့်လုပ်ငန်းများတွင် လက်တွေ့ကျသည့် စီမံကိန်း ဖြစ်စေရန်နှင့် ပြည်သူကို အမှန်တကယ် အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျ လေ့လာသုံးသပ်ပြီး အချိန်မီပြီးစီးရေးကို ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လာမည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်း ရရန် မျှော်မှန်းထား
Next post လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက ဥက္ကဋ္ဌပြော