
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း မဟာဗောဓိညောင်ပင်တော်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ ယနေ့ မေ ၁၁ ရက်(ကဆုန် လပြည့်နေ့)ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ဖူးမြော်ကြည်ညိုပြီးနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအားကျင်းပရာ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ထို့ပြင် မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။



ထို့အတူ ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားမှ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟုဗျာဒိတ်တော်စကားမိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်၍ “ဗျာဒိတ် ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာကျင်းပပူဇော်ခြင်းဖြစ်သည်။



ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မက သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန် လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခြင်းဖြစ်ကာ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ပြီး ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကိုအမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်းစသည့် ကုသိုလ်ယူဖွယ်များကိုပြုလုပ်လေ့ရှိကြသည်။