
နစကဥက္ကဋ္ဌသည် ကာဇက်စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြား
မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် ကာဇက်စတန်နိုင်ငံသမ္မတက မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများအပေါ် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုတို့နှင့် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်း၊ ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ လက်တွဲပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်ပြီး ကျော်ဖြတ်သွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် နစက ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအနေဖြင့်လည်း ၂၀၂၅ ခုနှစ် ဧပြီလအတွင်း သံအမတ်ခန့်အပ်လွှာကို အဆွေတော်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် အဆွေတော်အနေဖြင့် ထပ်တူဝမ်းနည်းကြောင်း စာနာထောက်ထားခြင်းနှင့် မြန်မာနိုင်ငံအတွက် ကူညီဆောင်ရွက်ပေးရန် အဆင်သင့်ရှိပါကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ခဲ့ပြီး ကာဇက်စတန်နိုင်ငံသမ္မတနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။