
ရုရှားသမ္မတပူတင် တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ နစက ဥက္ကဋ္ဌ တက်ရောက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၈ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အခြားသော နိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အခြားနိုင်ငံ့အကြီးအကဲများအား ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် က ကြိုဆိုနှုတ်ဆက်သည်။





ထို့နောက် SAC ဥက္ကဋ္ဌနှင့် အခြားနိုင်ငံ့ အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ Andereevsky ခန်းမ၌ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ်ဂုဏ်ပြုကပွဲကို အတူတကွ ကြည့်ရှုကြခဲ့ပြီးနောက် ဥက္ကဋ္ဌနှင့် အခြားနိုင်ငံ့ အကြီးအကဲများသည် ရုရှားနိုင်ငံသမ္မတနှင့်အတူ Aldxandrovsky ခန်းမ၌ ညစာအတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်သည် နစကဥက္ကဋ္ဌနှင့် ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။