တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမည်ဟု လေချုပ်ပြော
လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်းရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှု တာဝန်များကိုပါ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။
၎င်းက “ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင် ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင် ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ ကျင့် တည်ဆောက်သွားကြရန်”ပြောသည်။
သင်တန်းဆင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်း အရာရှိများအား လေသူရဲ တောင်ပံများကို တစ်ဦးချင်းအပ်နှင်းပြီး လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၆)မှ စံပြလေသူရဲဆုနှင့် လေယာဉ်မောင်း ထူးချွန်ဆုရအရာရှိများအား ထူးချွန်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်လို့ သိရပါတယ်။