တပ်မတော်၏ နိုင်ငံ့အရေးတာဝန် ထမ်းဆောင်နေမှုများအား သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်

တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်သကဲ့သို့ လက်ရှိ တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကိုထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်၍ သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်အဆက်ဆက်တပ်မတော်၏ နိုင်ငံ့အပေါ်တာဝန် ထမ်းဆောင်ခဲ့မှုများ၊ ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့မှုများ၊ တိုင်းပြည်နှင့်လူမျိုးအကျိုး သယ်ပိုးခဲ့သည့် သမိုင်းသက်သေများ ရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

” အခုမိမိတို့တပ်မတော်ရဲ့ နိုင်ငံ့အရေးတာဝန်တွေကို ထမ်းဆောင်နေတာဟာ သမိုင်းတွေဖြစ်တာကြောင့် သမိုင်းမှတ်တမ်း ကောင်းကိုရေးထိုးနိုင်ရပါမယ်။ လက်ရှိ ပြည်တွင်း/ပြည်ပအန္တရာယ်တွေ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူတွေအားလုံးရဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေတာတွေကို မိမိအနေနဲ့အသိအမှတ်ပြုဂုဏ်ပြုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုသည်ဟု ပြောသည်။

နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံးထိခိုက်နစ်နာခဲ့ရသည်ဟု ပြောသည်။

ထို့ကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှု မိတ္ထီလာ၌ အောင်မြင်စွာဆောင်ရွက်နိုင်မည်
Next post (၁၁-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ