အားကစားပွဲ ကျင်းပခြင်းသည် မြန်မာဟူသည့် စိတ်ကို နိုးထစေပြီး နိုင်ငံကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
ဒီဇင်ဘာလ ၂၀ ရက်
အားကစားပွဲ ကျင်းပခြင်းသည် မြန်မာဟူသည် စိတ်ကို နိုးထစေပြီး နိုင်ငံကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းကကျင်းပသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ယခု ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ဆုံစည်းမှုသည် သာမန်ဆုံစည်းမှု မဟုတ်ကြောင်း၊ အားကစားပြိုင်ပွဲသက်သက် ကျင်းပခြင်းထက်ပိုသည့် အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအားမန်တို့ကို ထုတ်ဖော်ပြသသည့် ပွဲတော်၊ တည်ငြိမ် အေးချမ်းမှုကို ပြသနိုင်သည့် ပွဲတော် တစ်ခုပင်ဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ် ဂုဏ်ယူလိုစိတ်များ ဖြစ်ပေါ်စေကြောင်း ၊ ယနေ့ အချိန်အခါတွင် နိုင်ငံသည် ပြည်တွင်း ပြည်ပ အန္တရာယ်များ ဝင်ရောက်စွက်ဖက်မှုများ ကြုံနေရကြောင်း၊ အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများကို ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား ညီညွတ်သည့် စိတ်ဓာတ်ဖြင့် ကာကွယ်ရန်လိုကြောင်းလည်းပြောပါတယ်။
ဒါ့အပြင် အထူးအလေးအနက်ထား ပြောကြားလိုသည်မှာ ယခုလို အခြေအနေမှာ နိုင်ငံနေရာအနှံ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုလိုကြောင်း၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ယခုအားကစားပွဲတော်ကြီးကို ယခုကဲ့သို့ ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများ ရှိနေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး မိမိတို့ ပြည်သူများကို ကာကွယ်ရင်း အသက်ပေးလှူ ကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း လည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။