တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားအား ဧပြီ ၁၁ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် ပထမမိုင်းသောက် ဆရာ တော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကိုရွတ်ပွားချီးမြှင့်တော်မူကြသည်။သံဃာတော်များအား ငှက်မြတ်နားတော်၊ ရတနာစိန်ပန်းခိုင်၊ ဆပ်သွားဖူးတော်နှင့် လှူဖွယ်ပစ္စည်းများကို တက်ရောက်လာကြသူများနှင့် အလှူရှင်များက အသီးသီးဆက်ကပ်လှူဒါန်းပြီး ရှမ်းပြည်နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့် ဇနီး၊ မိသားစုဝင်များက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ငှက်ပျောဖူးတော် နေရာ၌ ၎င်းတို့လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၁ ချပ်အား ကပ်လှူပူဇော်ပြီး ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးနှင့် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ဖောင်တော်ဦးဘုရားပြုပြင်ရေးများ ပြီးအောင်လုပ်မည်