ပဝါပါးပါး သနပ်ခါး ဇာတ်လမ်းတွဲမှာ ဆောင်းတီးရမယ့် ကာရိုက်တာအတွက် လေ့လာသင်ယူနေတယ်ဆိုတဲ့ မေဂရေ့စ်

မြန်မာယဉ်ကျေးမှုတွေနဲ့အတူ ထူးခြားတဲ့ Romantic ဆန်ဆန် ကာရိုက်တာမျိုး မြင်တွေ့ရမယ့် “ပဝါပါးပါး သနပ်ခါး” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် မေဂရေ့စ်က ဆောင်းတီးရမယ့် ကာရိုက်တာအတွက် လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။

“မေဂရေ့စ်ရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲပါ။ တစ်ခါမှလည်း အချစ်ခန်းတွေ မရိုက်ဖူးဘူး။ ဒီကားလေးကတော့ ဇာတ်ညွှန်းကို ဖတ်လိုက်ကတည်းက မေ့ဂရေ့စ်ကိုယ်တိုင်လည်း သဘောကျတယ်။ မြန်မာဆန်ဆန်လေးနဲ့ Ro ထားတာလေးပါပါတယ်။ ကိုယ် ပါဝင်ရမယ့် ဇာတ်ကောင်ကာရိုက်တာကို ဖတ်ပြီး ကိုယ်တိုင်တောင် ငိုမိတဲ့အထိ ခံစားရတယ်။ အဲ့ဒါကြောင့်လည်း ဒီကားလေးကို ရိုက်ဖို့အတွက် လက်ခံဖြစ်ခဲ့တာပါ။ ဒီကားလေးအတွက် လိုအပ်တဲ့ သင်တန်းလေးတွေကိုလည်း မေဂရေ့စ် တက်နေပါတယ်။ ဒီထဲမှာဆိုရင် ဆောင်းတီးရမှာဆိုတော့ ဆောင်းနဲ့ပတ်သက်တဲ့ သင်တန်းလေးတွေကိုလည်း လေ့လာ နေတယ်။ ဒီကာရိုက်တာလေးကိုတော့ ပရိသတ်တွေ ကြိုက်ကြမှာပါ”လို့ သရုပ်ဆောင် မေဂရေ့စ်က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ ဇာတ်ကားကန်တော့ပွဲပေးနဲ့ မိတ်ဆက်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်က ကမ္ဘာအေး မဟာသိမ်တော်ကြီးဘုရားနဲ့ Sea Food City Hotpot ဆိုင်မှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ပဝါပါးပါး သနပ်ခါး ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း မယ်ခိုင်က ရေးသားပြီးတော့ ဒါရိုက်တာ သိုးဆောင်းက သရုပ်ဆောင် ထူးအောင်၊ မေဂရေ့စ်၊ အကယ်ဒမီ မြင့်မြင့်ခိုင်၊ သံစဉ်မောင်၊ ပိုင်စိုးစံ၊ ပြည့်ကောင်းစုသန့် စတဲ့အနုပညာရှင်များစွာနဲ့ ရိုက်ကူးမှာဖြစ်ပြီးတော့ မကြာခင်မှာ Fortune TV Channel က ပြသမှာဖြစ်ပါတယ်။

ပုဝါပါးပါးသနပ်ခါးဇာတ်လမ်းတွဲမှာ Casting Calling နဲ့ အနုပညာသရုပ်ဆောင် ဝါသနာရှင် မျက်နှာသစ် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဇွဲ၊ ရဲသူ၊ ပြည့်ဟိန်းသူ၊ ဝေမင်း၊ အေးမြတ်သန္တာ၊ ယင်းမာတို့ကလည်း ပါဝင်သရုပ်ဆောင်ကြမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန် ယှဉ်ပြိုင် ထိုးသတ်မည်