Trailer ထဲမှာrap သီချင်းထည့်ထားလို့ အဆဲခံနေရတဲ့ Gladiator II

ဆယ်စုနှစ်နှစ်ခုကျော်အကြာမှ ထွက်ရှိလာမယ့် ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်သူ Ridley Scott ရဲ့ Gladiator II ရုပ်ရှင်ဟာ ယခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပိတ်ကားပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Gladiator II ဟာ Ridley Scott ရဲ့ ၂၀၀၀ ခုနှစ်ထုတ် နာမည်ကြီးရုပ်ရှင် Gladiator ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်ပေမယ့် လည်း Gladiator II မှာ Russell Crowe ရဲ့ ဇာတ်ကောင် Maximus ကို တွေ့မြင်ရမှာမဟုတ်ပဲ သရုပ်ဆောင် Paul Mescal ကို အဓိကထားကာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က Gladiator II ရဲ့ ပထမဆုံး trailer ကို Paramount ကုမ္ပဏီက ချပြခဲ့တာဖြစ်ပြီး အဲဒီ trailer အပေါ်မှာ ပရိသတ်တွေက အယူအဆအမျိုးမျိုးကွဲပြားနေကြပါတယ်။ Paramount ရဲ့ တရားဝင် YouTube channel ပေါ်မှာ မျှဝေထားတဲ့ Gladiator II ရဲ့ အဆိုပါ သုံးမိနစ်စာ trailer ဟာ like ပမာဏ တစ်သိန်းခွဲရရှိထားပေမယ့်လည်း dislike ပမာဏနှစ်သိန်းရှစ်သောင်းကျော်ရရှိထားလျက်ရှိပါတယ်။

Gladiator II ဟာ Paramount ရဲ့ အကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်လာနိုင်ပေမယ့်လည်း trailer မှာတင် ဝေဖန်မှုတွေ ရရှိနေတာကြောင့် မျက်လုံးပြူးမတတ်ဖြစ်နေရပါတယ်။ လေ့လာချက်တွေအရ Gladiator II ရဲ့ trailer အပေါ်မှာ အဓိကဝေဖန်ကြတဲ့အချက် ၃ ချက်အထိရှိနေပြီး အဲဒီထဲကမှ trailer မှာ rap သီချင်းထည့်သုံးထားတဲ့အချက်ကြောင့် ရင်ဆို့ခဲ့ရပြန်ပါတယ်။

Gladiator II ရဲ့ trailer မှာ အဆိုတော် Kanye West နဲ့ Jay-Z တို့ရဲ့ No Church In The Wild ဆိုတဲ့သီချင်းကို ထည့်သုံးထားတာဖြစ်ပြီး ရောမအင်ပါယာခေတ်ရုပ်ရှင်မှာ rap သီချင်းကိုထည့်သုံးတဲ့အနေအထားကို ပရိသတ်တွေက မနှစ်ခြိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သို့ပေမယ့် အချို့ကလည်း ဒါဟာ trailer တစ်ခုသာဖြစ်တဲ့အတွက် အသည်းအသန်မဖြစ်ကြဖို့ ဖျောင်းဖျကြတာတွေလည်း ပြုလုပ်ကြပါသေးတယ်။

Gladiator II မှာ မင်းသားကြီး Denzel Washinton က Macrinus ဆိုသူအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ Trailer ထဲမှာ Denzel Washington ဟာ ဗြိတိန်လေယူလေသိမ်းအစား အမေရိကန်လေယူလေသိမ်းကိုသာအသုံးပြုထားတာကြောင့် ပရိသတ်တချို့က မနှစ်မြို့တာကိုလည်းတွေ့ရသလို သုံးမိနစ်စာ trailer ဟာ ရုပ်ရှင်တစ်ခုလုံးကိုချပြလိုက်ပြီလားဆိုပြီး စိုးရိမ်မှုတွေကိုလည်း တွေ့ရပါတယ်။

Gladiator II မှာ Maximus ရဲ့ သားဖြစ်သူ Lucian ကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပြီး Normal People နဲ့ Foe သရုပ်ဆောင် Paul Mescal က Lucian နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Gladiator II ကို Ridley Scott နဲ့ David Scarpa တို့က ဇာတ်လမ်းရေးသားပေးထားတာဖြစ်ပြီး Paul Mescal နဲ့ အတူ မင်းသားကြီး Denzel Washington, Stranger Things သရုပ်ဆောင် Joseph Quinn, The Last of Us သရုပ်ဆောင် Pedro Pascal နဲ့ Moon Knight သရုပ်ဆောင် May Calamawy တို့လည်းပါဝင်ထားပါတယ်။ ဒါ့အပြင် Lior Raz, Derek Jacobi, Peter Mensah နဲ့ Matt Lucas တို့လည်း Gladiator II မှာ ပါဝင်ထားကြသလို The White Lotus သရုပ်ဆောင် Fred Hechinger ဟာလည်း Gladiator II မှာ ဧကရာဇ် Geta အဖြစ် ပါဝင်လာဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်သွေးကြွများ မိုင်းခွဲဖျက်ဆီးခဲ့သည့် ကရင်လေးဆိပ်တံတား ယာယီမြေဖို့ပြီး ကားများစတင်ဖြတ်သန်းနေ
Next post ရှမ်းတိုင်းရင်းသား နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်