ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာ ပေးပို့

ဩဂုတ်လ ၈ ရက်

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား-

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏(၅၆)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်းရှိ ပြည်သူပြည်သား များအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ယနေ့ကြုံတွေ့နေရသည့် ကမ္ဘာ့ရေးရာ အပြောင်းအလဲများအကြားတွင် အာဆီယံပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ရာ၌ အာဆီယံအသင်းကြီးအနေဖြင့် အောင်မြင်မှုများ တိုးတက်ရရှိပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အာဆီယံအသင်းကြီးကို လွန်ခဲ့သည့် (၅၆) နှစ်၊ စစ်အေးကာလ အပြင်းထန်ဆုံးအချိန်ဖြစ်သော ၁၉၆၇ ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ ခေါင်းဆောင်များက အမြော်အမြင်ကြီးမားစွာဖြင့် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါသည်။ ယင်းနေ့မှာပင် အာဆီယံကြေညာစာတမ်းဟု လူသိများသည့် ဘန်ကောက်ကြေညာစာတမ်းကို ခေါင်းဆောင်ငါးဦးတို့က လက်မှတ် ရေးထိုးပြီး အာဆီယံအသင်းကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

အာဆီယံအသင်းကြီး၏ တိုးတက်ပြောင်းလဲမှု သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် စိန်ခေါ်မှုများနှင့် ရပ်တည် အောင်မြင်မှုအတွက် သံသယများကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုအချိန်အခါ ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးတွင် အစိုးရများအချင်းချင်းအကြား ဖွဲ့စည်းထားသော အဖွဲ့အစည်းများအနက် အာဆီယံသည်လည်း အောင်မြင်မှုရရှိနေသောအသင်းကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးသာမက ဒေသတွင်းပုံရိပ်ကိုပါ ထိန်းသိမ်းထားကြရန် တာဝန်ရှိပါသည်။ အာဆီယံအသင်းကြီး၏ အောင်မြင်မှုနှင့် သက်တမ်းရှည်ကြာမှုကို အဖွဲ့ဝင်(၁၀)နိုင်ငံဖြင့် တိုးချဲ့ဖွဲ့စည်းသက်သေပြနိုင်ခဲ့သကဲ့သို့ နောက်ထပ်မိသားစုဝင်အသစ်ကိုလည်း ကြိုဆိုနိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ပါသည်။

ယနေ့အချိန်တွင် အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) ကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်သော နိုင်ငံအရေအတွက် များပြားလာသကဲ့သို့ အာဆီယံပြင်ပနိုင်ငံများ အနေဖြင့်လည်း အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေး ပုံစံအမျိုးမျိုး ထူထောင်လိုမှု တိုးတက်များပြားလာသည်ကိုလည်း တွေ့ရပါသည်။ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဆီယံအသင်းကြီး၏ အခြေခံမူများသည် နိုင်ငံတကာ နယ်ပယ်တွင် အရေးပါအကျုံးဝင်နေဆဲဖြစ်ကြောင်း ထင်ဟပ်ပြသနေခြင်းပင် ဖြစ်ပါသည်။

ယနေ့အထိ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) သို့ နိုင်ငံပေါင်း(၅၁)နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်ကို အားတက်ဖွယ်တွေ့မြင်ရပြီး အာဆီယံနှင့် မိတ်ဖက်ဆက်ဆံ မှုရှိသော(၁၁)နိုင်ငံနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်ရှိသည့် နိုင်ငံ(၉)နိုင်ငံရှိပြီး ၎င်းတို့အနက်(၄)နိုင်ငံကို ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထို့ပြင် အာဆီယံအသင်းကြီးနှင့် အာရှ ၊ ဥရောပ ၊ အရှေ့ အလယ်ပိုင်းနှင့် လက်တင်အမေရိကဒေသများမှ နိုင်ငံ(၁၀)နိုင်ငံတို့သည် ကဏ္ဍအလိုက် မိတ်ဖက်ဆက်ဆံရေး သို့မဟုတ် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက်ဆံရေး အဆင့် ထူထောင်ထားရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံအသင်းကြီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ အောင်မြင်မှုစံနမူနာတစ်ခုအဖြစ် သက်သေပြသနိုင်နေပြီဖြစ်ပါသည်။

သို့ရာတွင် အာဆီယံအသင်းကြီးသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ အသင်းကြီးအနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများ ဖြစ်သည့် သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါအသစ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှု၊ အစားအစာနှင့်စွမ်းအင်လုံခြုံရေး စသည့်ကိစ္စရပ်များတွင် အတူတကွဖြေရှင်းနိုင်ရန်အတွက် အနာဂတ်ကို ယခုထက်ပို၍ ကြိုတင်မှန်းဆပြင်ဆင်ထားရန် လိုအပ်ပါသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဦးဆောင်သည့် ဆောင်ရွက်မှုပုံစံနှင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့် ချဉ်းကပ်မှုမျိုးရှိရန် အရေးကြီးပါသည်။

၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌက ချမှတ်ထားသည့် “ASEAN Matters: Epicentrum of Growth” “ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံက အလေးထားဆောင်ရွက်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အာဆီယံ၏ အချက်အချာ ကျမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ အနာဂတ် တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် ဒေသတွင်း စွမ်းအားဖြစ်ထွန်းစေရေးကို ပေါ်လွင်အောင် ဖော်ဆောင်ပေးရန် လိုပါသည်။

အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို အောင်အောင်မြင်မြင်ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကိုင်စွဲကြရန် သတိပြုကြရမည် ဖြစ်ပါသည်။ ထို့အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာမည့် ဖိအားပေးမှုများနှင့် စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင် ကြရန် လိုအပ်ပါသည်။

အာဆီယံအသင်းဝင်နိုင်ငံများအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ဒေသဆိုင်ရာကတိကဝတ်များ ပြည့်မီစေရေး ကြိုးပမ်းဖော်ဆောင်လျက်ရှိရာတွင် ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အာဆီယံအသင်းကြီး၏ အနာဂတ်နှင့် ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက်များကို ထိန်းသိမ်းထားနိုင်ရေး၊ ပြည်သူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရေးအတွက် ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်စွမ်းအားရှိမှုနှင့် ပြည်သူဗဟိုပြု အာဆီယံအသင်းကြီး ဖြစ်လာစေရေး တို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံအကောင် အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေပါသည်။ အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

အာဆီယံပြည်သူပြည်သားများဖြစ်ကြသည့် မိမိတို့အနေဖြင့် အနာဂတ်သာယာလှပစေရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် ( ၅၆ ) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါသည်။

ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်းကတိပြုလျက် သဝဏ်လွှာပါးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်ရရှိလာပြီး စံချိန်တွေတင်နေတဲ့ “Barbie” ရုပ်ရှင်
Next post မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ဖူးမျှော်ခွင့် ပြုသည့်နေ့တွင် ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမျှော်