ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို လုပ်ဆောင်သွားမည်ဟု နစက  ဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ဆောင် ၍ရသည့်နေရာတိုင်း လုပ်ဆောင်သွားမည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ ဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်ရန် ကန့်သတ်ချက်ရှိသည့် နေရာများ၌လည်း အဖြစ်နိုင်ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နိုင်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းဇယား ကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

လာမည့် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်တွင် ပြုလုပ်သည့် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုမိမြိုဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

ထို့အပြင် ဘဏ်များက ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုပါ စိစစ် ကြပ်မတ်ရန် အဆိုပါအစည်းအဝေးတွင်ပင် မှာကြားခဲ့သည်။

ဘဏ်များနှင့် ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်ရန်လည်းလိုအပ်ကြောင်း၊ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်းစည်းကမ်းနှင့် အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင်လည်း ဗဟိုဘဏ် သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ် (CHID Bank) စသည့်ပြည်တွင်းဘဏ် ၇ ခုမှ တာဝန်ရှိသူများကို အရေးယူသွားမည့်အပြင် စစ်ဆေးကြီးကြပ်မှု အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကိုပါ အရေးယူမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံဘက်သို့ပို့မည်ဟု ယူဆရသော M-4 သေနတ် အလက် ၂၀ နှင့် စစ်သုံးပစ္စည်းများ မဲဆောက်တွင် ဖမ်းမိ
Next post “အဆင်မပြေတဲ့ ခဏ” သီချင်းလေးမှာ ဆယ်ကျော်သက် ကောင်မလေးပုံစံ ကြိုးစားဖန်တီးထားတယ်ဆိုတဲ့ နီနီခင်ဇော်