မြန်မာနိုင်ငံဘက်သို့ပို့မည်ဟု ယူဆရသော M-4 သေနတ် အလက် ၂၀ နှင့် စစ်သုံးပစ္စည်းများ မဲဆောက်တွင် ဖမ်းမိ

မြန်မာနိုင်ငံဘက်သို့ ပို့မည်ဟု ယူဆရသော M-4 သေနတ်အလက် ၂၀ နှင့် စစ်သုံးပစ္စည်းများကို မဲဆောက်မြို့နယ်အတွင်း ဖမ်းမိထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းများတွင် ဖော်ပြနေကြသည်။ ယမန်နေ့ ဇူလိုင်လ ၅ ရက်က ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲ့လမောင်းကျေးရွာရှိ၊ စစ်ဆေးရေး ဂိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦးတည်း မောင်နှင်လာသော ပစ်ကပ်ယာဉ်ကို ထိုင်းအာဏာပိုင်များက တားစီးစစ် ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့မော်တော်ယာဉ်စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်မှ ကာလတန်ဖိုးထိုင်းဘတ်ငွေ ၃ သန်းခန့်နှင့် ညီမျှသော M-4 သေနတ် ၂၀ လက်၊ ကျည်ဘောက် ၂၀ နှင့် စစ်သုံးမှန်ဘီလူး အခု ၂၀ တို့ကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများကို သယ်ယူလာသူမှာ ထိုင်းနိုင်ငံသား ခယုဖုံ ဆိုသူဖြစ်ပြီး မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ကိုတိုး ဆိုသူက ဘတ်ငွေ ၂၀၀၀၀ ပေး၍ သယ်ယူရန် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခယုဖုံ က အဆိုပါသေနတ်များ၊ စစ်သုံးပစ္စည်းများကို နခွန်းပထုံခရိုင်၊ ဘာန်လင်မြို့နေ “အော့”ဆိုသူထံမှ ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။ ယခုအခါ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားအား ဖဝေါ ရဲစခန်း၌ စစ်ဆေးမေးမြန်းမှုများပြု လုပ်နေပြီး ကွင်းဆက်များကို ထပ်မံစိစစ်ဖော်ထုတ်၍ တည်ဆဲ ထိုင်းနိုင်ငံဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း သေနတ်အပါအဝင် စစ်သုံးပစ္စည်းများမှာ မြန်မာနိုင်ငံဘက်ရှိ နစက အစိုးရကို ဆန့်ကျင်နေသော အဖွဲ့အစည်းများထံ ပို့ဆောင်မည့် ပစ္စည်းများ ဖြစ်နိုင်ခြေရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က သုံးသပ်မှတ်ချက် ပြုထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို လုပ်ဆောင်သွားမည်ဟု နစက  ဥက္ကဋ္ဌ ပြောကြား