ညောင်ဦး၌ အမျိုးသားတစ်ဦး အိမ်သာကျင်းတူးရာမှ အောက်စီဂျင်ပြတ်၍ သေဆုံး

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်၌ အိမ်သာကျင်းတူးနေစဥ် အောက်စီဂျင်ပြတ်၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ နေ့လယ် ၂ နာရီ ၂၂ မိနစ်ခန့်တွင် ညောင်ဦးမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တစ်အိမ်၌ အိမ်သာကျင်းတူးနေစဥ် အောက်စီဂျင်ပြတ်၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

” သူတို့ သုံးယောက် အိမ်သာကျင်းဟောင်းနေရာနဲ့ကပ်ပြီး အိမ်သာကျင်းအသစ်တူးနေတာ။ နှစ်ယောက် ကျင်းတူးတယ်။ တစ်ယောက်က ကျင်းအပေါ်ကနေ မြေကြီးသယ်တယ်။ အဲဒီမှာ ကျင်းအသစ်တူးနေရင်း ကျင်းအဟောင်းအောက်ခြေက မြေကြီးကျွံပြီး ကျင်းအသစ်ထဲ ရေတွေဝင်လာပြီး ကျင်းထဲကနှစ်ယောက်လုံး အောက်စီဂျင်ပြတ်နေလို့ ကျင်းပေါ်က တစ်ယောက်က ဆင်းကူညီရင်း သုံးယောက်စလုံး အောက်သီဂျင်ပြတ်ပြီး တစ်ယောက်တော့ ဆုံးသွားတယ် ” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုသုံးဦးကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဥ်တသ်စီးတို့ဖြင့် ကယ်ဆယ်ခဲ့ရပြီး သေဆုံးသူတစ်ဦးနှင့် အသက်ရှင်သူနှစ်ဦးတို့ ညောင်ဦးခရိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုံအောချစ်တတ်တဲ့ သနားစရာ character နဲ့ သရုပ်ဆောင် ထားတယ်ဆိုတဲ့ ရတနာဗို
Next post ညောင်ရွှေမြို့၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ