ကလေးမမွေးနိုင်လို့ အရင်ခင်ပွန်းဟောင်းနဲ့ ကွာရှင်းခဲ့တယ် ဆိုတဲ့ မီချဲလ်ယို

အော်စကာဆုရှင်မလေးရှားနွယ်ဖွား မင်းသမီးကြီး မီချဲလ်ယိုဟာ Goop podcast အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဟောင်းစီးပွားရေးလုပ်ငန်းရှင် ဒစ်ခ်ဆန် ပွန်နဲ့ ကွာရှင်းခဲ့ရခြင်းအကြောင်းအရင်းကို ဖွင့်ဟခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ သူတို့မကွာရှင်းခင် အိမ်ထောင်သက်တမ်း ၃ နှစ်ကြာခဲ့ပါတယ်။ အဲဒီအိမ်ထောင်ရေးကာလအတွင်း မီချဲလ်ယိုက သရုပ်ဆောင်လောကကနေ နှုတ်ထွက်ပြီး မိသားစုတစ်စုထူထောင်ဖို့ စီစဉ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလမ်းခွဲရခြင်းရဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုကတော့ သူ ကလေးမမွေးနိုင်တာပါပဲ။

“ကျွန်မ ကလေးချစ်ပါတယ်။ ဒါဟာ လူတိုင်းရဲ့ဘဝမှာ အကြီးမားဆုံးပျော်ရွှင်မှုတွေထဲကတစ်ခုပါ။ ဒါပေမဲ့ ကြိုးစားမှု မရှိတာကြောင့် မရခဲ့တာမဟုတ်ပါဘူး။ ကျွန်မတို့ ကြိုးစားဖို့ လိုအပ်တာမှန်သမျှ လုပ်ခဲ့ပြီး ကံမကောင်းစွာနဲ့ ရုပ်ပိုင်း ဆိုင်ရာအရ ကျွန်မမစွမ်းဆောင်နိုင်ခဲ့ဘူး”လို့ မီချဲလ်ယိုက ပြောပါတယ်။

အဲဒီအိမ်ထောင်ရေးကနေ စွန့်ခွာဖို့ သူ ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူ့ခင်ပွန်းက ကလေးတစ်ယောက်တည်းနဲ့တင်မဟုတ်၊ ကလေး ၂ယောက် ၃ယောက်နဲ့သိုက်သိုက်ဝန်းဝန်းဖြစ်တဲ့မိသားစုကို လိုချင်တာကို သိတဲ့အတွက်ကြောင့် အခုလို ဆုံးဖြတ်ချက်ချခဲ့တာပါ။ ခင်ပွန်းဖြစ်သူက စီးပွားရေးလုပ်ငန်းအတွက် အလုပ်ကြိုးစားခဲ့ပြီး သူ့ရဲ့အလုပ်ကို ဆက်ခံမယ့် သားတွေကို လိုအပ်ခဲ့တယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပေမဲ့ မျှော်လင့်ချက်တွေရှိနေတာကြောင့် ပိုကောင်းမလာနိုင်ဘူးလို့ မီချဲလ်ယိုက ဆိုပါတယ်။

မီချဲလ်ယိုက ခင်ပွန်းဟောင်းနဲ့ သူငယ်ချင်းကောင်းတွေဖြစ်နေတုန်းပါပဲ။ သူ့ရဲ့ပထမဇနီးဟောင်းနဲ့လည်း ရင်းနှီးပြီး အချင်းချင်း မကြာခဏစကားခေါ်ပြောကြတာ၊ အားလပ်ရက်အပြင်အတူတူသွားကြပါတယ်။ မီချဲလ်ယိုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပြင်သစ်ပြိုင်ကားကုမ္ပဏီအမှုဆောင်ဂျင်းတော့တ်နဲ့ ၁၉ နှစ်တာ စေ့စပ်ထားခဲ့ပြီးနောက် လက်ထပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သရုပ်ဆောင် ပိုင်တံခွန် ၂၀၂၃ ခုနှစ် အတွက် အကယ်ဒမီ ရမည်ဟု ရေပန်းစားနေ
Next post ဇာတ်ပို့ဆုရမည်လို့ ရေပန်းစားနေသော ဝါရင့်သရုပ်ဆောင် ရန်အောင်