အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့နှင့် NSPNC တို့တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုကိုယနေ့ ဇန်နဝါရီ (၉) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA -PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) မှ ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုဦးစီးကော်မတီဝင် နန်းစံဖောင်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်နဲ့ ပြည်သူအတွက် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်နေတယ်လို့ နစက ဥက္ကဋ္ဌပြော
Next post “မနုဿတဒုလ္လဘ”ဇာတ်လမ်းတွဲမှာ တစ်ခါမှ သရုပ်မဆောင် ဖူးတဲ့ ဆိုးသွမ်းပြီး ခပ်ကြမ်းကြမ်းကာရိုက်တာနဲ့ ပရိသတ် မြင်တွေ့ရမှာပါဆိုတဲ့ စစ်နိုင်