ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုအားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် တစ်မြေတည်းနေတစ်ရေတည်းသောက် မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ ပထမဆုံးညီလာခံ၏ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။   

ကချင်ပြည်နယ်တွင် ဂျိန်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး စသည့်ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့်ရှမ်းမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် လူဦးရေစုစုပေါင်း(၁၇)သိန်းကျော် အတူတကွချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအကအလှများ၊ စာပေယဉ်ကျေးမှုဓလေ့ထုံးစံများမှာ လှပခံ့ညားကျက်သရေရှိသည်သာမက တိုင်းရင်းသားဝတ်စုံများနှင့် စုပေါင်းညီညာစွာကပြသည့် မနောအကသည် ကချင်တိုင်းရင်းသားတို့၏ နှစ်သက်မြတ်နိုးဖွယ်ရာ စည်းလုံးညီညွတ်မှုကိုဖော်ပြသည့် ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။

ထို့ပြင် အဖိုးတန်သယံဇာတ တန်ဖိုးရှိရတနာများ ပေါများကြွယ်ဝကာ သာယာလှပသည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ကောင်းများနှင့် စိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းမွန်သော ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏လှပမှုနှင့် အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာမှုတို့သည် ပြည်နယ်၏ထင်ရှားသော အလှအပသဘာဝများဖြစ်ပါသည်။

ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် သယံဇာတ အခြေခံကောင်းများစွာ ရှိပြီးဖြစ်ရာ ၎င်းသဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန်များကို အခြေပြု၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများဆောင်ရွက်နိုင်ပါက ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပါသည်။ 

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကာလဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာဝန်ယူသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါသည်။ “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး” ကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အမျိုးသားရေးရည်မှန်းချက်များနှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း တိုင်းရင်းသားများ၏ အသိဉာဏ်ပညာပြည့်စုံမှုများဖြင့် ဆောင်ရွက်နိုင်ရန်အရေးကြီးသဖြင့် ပညာရေးမြှင့်တင်မှုကို အထူးအားပေးစေလိုပါသည်။

နိုင်ငံတော်က ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သဘာဝထွက်ကုန်များဖြစ်သော သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကိုအခြေခံသည့် MSME လုပ်ငန်းများကို မြှင့်တင်အားပေးပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ကချင်ပြည်နယ်အနေဖြင့် ရှိပြီးဖြစ်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီး စနစ်တကျဖြင့် ကုန်ချောအဖြစ် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဆိုပါက ပြည်နယ်အတွင်း လိုအပ်ချက်ကို ဖူလုံစေမည့်အပြင် ပြည်တွင်းလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်နယ်စပ်ဒေသလည်းဖြစ်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်မည့်အပြင် နိုင်ငံအတွက် ဝင်ငွေလည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားနိုင်ငံရေးတာဝန်များအဖြစ် ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါသည်။

မိမိတို့ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့်နယ်စပ်ဒေသ၊ တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏အရသာကို အပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်ပါသည်။ ထိုကဲ့သို့သော အဖြစ်ဆိုးကို မိမိတို့၏လက်ထက်တွင် ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက်ပြီး အနာဂတ်အတွက် ကောင်းမွန်သည့်အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေးတိုက်တွန်း မှာကြားလိုပါသည်။ 

နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်မှ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအပါအဝင် နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးကြသည့် တိုင်းရင်းသားပြည်သူများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင် ကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထားတိုက်တွန်းရင်း (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် 

နိုင်ငံတော်ဝန်ကြီးချုပ် 

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီကို ဖြိုဖျက် ဖျက်ဆီးမိသည့်အပေါ် MNDAA က ယနေ့ပြန်လည် တောင်းပန်လာ
Next post နိုင်ငံတော်နဲ့ ပြည်သူအတွက် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်နေတယ်လို့ နစက ဥက္ကဋ္ဌပြော